ကမ္ဘောဇဘဏ်

November 15, 2018

ကမ္ဘောဇဘဏ်၊ မြ၀တီဘဏ်နှင့် ဦးပိုင်ကုမ္ပဏီတို့ ၀င်ငွေခွန် အများဆုံးပေးဆောင်

မြန်မာနိုင်ငံမှာ အခုနှစ်အတွင်း ဝင်ငွေခွန် အများဆုံး ထမ်းဆောင်ခဲ့တဲ့ ထိပ်တန်း ကုမ္ပဏီစာရင်းမှာ ကမ္ဘာဇဘဏ်၊ မြ၀တီဘဏ်နဲ့ မြန်မာစီးပွားရေး ဦးပိုင်ကုမ္ပဏီတို့ ပါဝင်ပါတယ်။ ၂ဝ၁၇-၁၈ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန် အများဆုံး ထမ်းဆောင်တဲ့ လုပ်ငန်းရှင် ၅ဝ စာရင်းကို စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနက ကြေညာရာမှာ ဖော်ပြထားတာပါ။ ငွေကျပ်သန်း ၂ဝဝဝဝ အထက် ဝင်ငွေခွန်အများဆုံးပေးဆောင်တဲ့ကုမ္ပဏီက ကမ္ဘောဇဘဏ်ဖြစ်ပြီး ကျပ်သန်း ၁ဝဝဝဝ အထက်ဆောင်တဲ့ ကုမ္ပဏီတွေက မြဝတီဘဏ်နဲ့ မြန်မာ စီးပွားရေး ဦးပိုင် လီမီတက် ကုမ္ပဏီတို့ ဖြစ်ကြပါတယ်။ ကျပ်သန်း ၁ဝဝဝဝ အောက် ဝင်ငွေခွန်ဆောင်တဲ့ ကုမ္ပဏီတွေထဲမှာတော့ ရွှေတောင်ကုမ္ပဏီ၊ ဧရာဝတီဘဏ်၊ သမဝါယမဘဏ်၊ International Beverages ကုမ္ပဏီနဲ့ Myanmar Winery & Distillery ကုမ္ပဏီတို့ ပါဝင်ပါတယ်။ သီးခြားထုတ်ပြန်ထားတဲ့ ၂ဝ၁၇-၁၈ စည်းကြပ်နှစ်အတွက် ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ထမ်းဆောင်တဲ့ လုပ်ငန်းရှင် ၅ဝ စာရင်းမှာတော့ Denko Trading ကုမ္ပဏီက  ကျပ်သန်း ၂ဝဝဝဝ အထက် အခွန်အများဆုံးဆောင်တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ City Mart ကုမ္ပဏီ၊ International Beverages ကုမ္ပဏီ၊ PT Power ကုမ္ပဏီနဲ့ Asia Energy ကုမ္ပဏီတို့ကတော့  ကုန်သွယ်ခွန် ကျပ်သန်း ၂ဝဝဝဝ အောက်ပေး ဆောင်တဲ့ ကုမ္ပဏီတွေ ဖြစ်ကြပါတယ်။ အခွန်အများဆုံးထမ်းဆောင်သူတွေကို ရွေးချယ်ရာမှာ စည်းကြပ်နှစ် အတွင်း အခွန် အကျေပေးဆောင်တာ၊ သတ်မှတ်ကာလအတွင်း မပျက်မကွက်ပေးဆောင်တာ၊ ၀င်ငွေ ကြေညာ လွှာတွေကို အချိန်မီတင်သွင်းတာ၊ နှစ်အဆက်ဆက်ကောက်ခံတဲ့ အခွန်ငွေအားလုံးကို အခွန် ကြွေးကျန်မရှိ အကျေပေးဆောင်ခဲ့တာ စတဲ့အချက်တွေအပေါ်မူတည် သတ်မှတ်တာလို့ ပြည်တွင်းအခွန်ရုံး က ထုတ်ပြန်ထားပါတယ်။
3 years Ago

August 24, 2018

မြိတ်မြို့ ကမ္ဘောဇဘဏ်ခွဲ ၃ တွင် လုယက် ဓားပြတိုက်မှုဖြစ်ပွား

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ နောက်လယ်ရပ်၊ ပိတောက်ရွှေဝါလမ်းမကြီးမှာ ဖွင်လှစ်ထားတဲ့ ကမ္ဘောဇဘဏ်ခွဲ ၃ မှာ ဒီကနေ့ သြဂုတ် ၂၄ ရက်၊ မွန်းတည့် ၁၂ နာရီလောက်က လုယက် ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ အရပ် ၅ ပေ ၅ လက်မလောက်ရှိတဲ့ အမျိုးသားတဦးက ဘဏ်ထဲဝင်လာပြီး အရိုး ၁ ပေလောက်ရှိတဲ့ စတီးဓားကို ပြကာ ခြိမ်းခြောက်ပြီး ကောင်တာ ၂ က ဒေါ်သင်းသင်းအိထွေးထံကနေ တထောင်ကျပ်တန် ၃ သိန်း၊ ကောင်တာ ၅ မှ ဘဏ်ဝန်ထမ်း ကိုမင်းထွေးထံက တထောင်တန် ကျပ် ၂ သိန်း စုစုပေါင်း ကျပ် ၅ သိန်း လုယူထွက်ပြေးသွားပါတယ်။ မြိတ်မြို့ခံ ဦးတင်ကိုကိုဦးက “အဲဒီမှာ ဓားအရှည်ကိုင်ထားတဲ့ လူတယောက်ကနေပြီးတော့ ဓားပြတိုက်တာပေါ့။ အဲဒီမှာ ငွေ ၅ သိန်း ပါသွားတယ်။ အခုလောလောဆယ်တော့ မိပြီလို့လည်း သတင်းကြားတယ်။ ဒါပေမယ့် အတည်တော့ မဖြစ်သေးဘူး” လို့ ပြောပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်လို့ ခရိုင်ရဲတပ်ဖွဲ့မှူးကိုယ်တိုင် ကြီးကြပ်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းရှာဖွေနေဆဲ ဖြစ်ပါတယ်။ မြိတ်မြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လကလည်း ကမ္ဘောဇဘဏ်ခွဲ ၁ မှာ အလားတူ လုယက်ဓားပြတိုက်မှု ဖြစ်ပွားခဲ့လို့ ငွေသိန်းရာချီ ပါသွားခဲ့ဖူးပါတယ်။
3 years Ago
More News
Up