ကမ္ဘောဒီးယား ခမာနီခေတ် အောက်မေ့ဘွယ်

July 3, 2015

တကျွန်းကျ ခမာနီခေါင်းဆောင်ဟောင်း ၂ ဦး အယူခံ စတင်ကြားနာ

သေဒဏ်ပေးခံထားရတဲ့ ခမာနီခေါင်းဆောင်ဟောင်း ၂ ဦးရဲ့ အယူခံကို ကုလသမဂ္ဂ ကျောထောက်နောက်ခံ ပေးထားတဲ့ ကမ္ဘောဒီးယား တရားရုံးမှာ ဇူလိုင် ၂ ရက်နေ့က စတင် ကြားနာပါတယ်။ ဘရားသား နံပါတ် ၂ အဖြစ် သိကြတဲ့ ခမာနီခေတ် လွှတ်တော်ဥက္ကဋ္ဌဟောင်း နွန်ချွာ (Nuon Chea) နဲ့ ခမာနီအစိုးရခေတ်က သမ္မတဟောင်းဖြစ်တဲ့ ခီယူး ဆမ်းဖန်း (Khieu Samphan) တို့ရဲ့အမှု ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ကမ္ဘောဒီးယားမှာ ၁၉၇၀ ပြည့်လွန်နှစ်တွေက လူတွေ အစုလိုက် အပြုံလိုက် သေဆုံးခဲ့ရတဲ့ လူသတ်ကွင်း တော်လှန်ရေးမှာ ပါဝင် ပတ်သက်ခဲ့တဲ့အတွက် ၂၀၁၀ ခုနှစ် စက်တင်ဘာကတည်းက တသက်တကျွန်းထောင်ဒဏ် ချမှတ်ခံထားရသူတွေ ဖြစ်ပါတယ်။ ဇူလိုင် ၂ ရက်နေ့ တရားခွင်ကတော့ ခမာနီခေါင်းဆောင် ၂ ဦးရဲ့အယူခံ လျှောက်ထားမှုအတွက် ပထမဆုံး ကြားနာတာဖြစ်ပြီး မျက်မြင်သက်သေ ၃ ဦးကို စစ်ဆေးပါတယ်။ ပိုပေါ့ ခေါင်းဆောင်တဲ့ ခမာနီခေတ်မှာ လူပေါင်း ၁ သန်း ၇ သိန်းကနေ ၂ သန်း ၂ သိန်းလောက်အထိ အလုပ်ကြမ်းစခန်းမှာ အငတ်ဘေး၊ ညှဉ်းပန်းနှိပ်စက်ခံရတဲ့ဒဏ်၊ ရောဂါဘယတွေကြောင့် သေဆုံးခဲ့ပါတယ်။ ဘရားသား နံပါတ် ၁ လို့ သိကြတဲ့ ပိုပေါ့ကတော့ ၁၉၉၈ ခုနှစ်က ကွယ်လွန်သွားခဲ့ပါတယ်။
7 years Ago

May 15, 2015

အမေရိကန် ပြတိုက်က ဟာနုမာန် ရုပ်တု ကမ္ဘောဒီးယားကို ပြန်ပေး

၁၀ ရာစုနှစ်က ဟိန္ဒူ နတ်ဘုရား ဟာနုမာန် ရုပ်တုကို အမေရိကန် ပြည်ထောင်စု ပြတိုက်က ကမ္ဘောဒီးယားကို မေ ၁၂ ရက်က ပြန်လည် ပေးအပ်ခဲ့ပါတယ်။ သုတေသနတွေအရ ကမ္ဘောဒီးယား ရှေးဟောင်းပရာဆတ်ချန် ဘုရားကျောင်းကနေ ဒီရုပ်တုကို ယူဆောင်လာတဲ့အတွက် အခုလို ပြန်ပေးလိုက်တာလို့ ရိုက်တာ သတင်းမှာ ရေးပါတယ်။ ၁၉၈၂ ခုနှစ် နယူးယောက် အနုပညာ ပစ္စည်းရောင်းချသူတွေဆီကနေ ရရှိခဲ့တဲ့ ဒီကျောက်ရုပ်တုကို စိတ်ဆန္ဒအရ ပြန်ပေးတာ ဖြစ်တယ်လို့ ကလီဗာလန့် အနုပညာ ပြတိုက်ကပြောပါတယ်။ သုတေသန စာတမ်းတွေအရ ၁၉၆၈နဲ့ ၁၉၇၂ ခုနှစ်တွေမှာ ရုပ်တုရဲ့ ခေါင်းနဲ့ ကိုယ်ထည်ကို ထိုင်းမှာ ရောင်းချခဲ့တယ်လို့ကျွမ်းကျင်သူတွေက ပြောပါတယ်။ လွှဲပြောင်းပေးတဲ့ အခမ်းအနားမှာ ကံကောင်းဖို့အတွက် ခမာ ကချေသည်တဦးက ပန်းတွေနဲ့ကြဲခဲ့သလို ကမ္ဘောဒီးယား လက်ထောက်ဝန်ကြီးချုပ် ဆောင်အန်းနဲ့ ၀န်ကြီးတွေလည်း တက်ရောက်ခဲ့ပါတယ်။ အမေရိကန်က ပြန်ပေးတဲ့ တခြား ကမ္ဘောဒီးယား မြောက်ပိုင်းက ပစ္စည်းတွေနဲ့ အတူ ဟာနုမန်ကို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ ဓာတ်ပုံ - REUTERS/Samrang Pring [gallery ids="93087,93088,93089"]
7 years Ago
Up