ကဖေးဆိုင်

January 31, 2019

ဟန်ဂေရီရှိ ကဖေးဆိုင်တွင် ဧည့်ခံပေးနိုင်သည့် စက်ရုပ်များ အသုံးပြု (ရုပ်သံ)

ဟန်ဂေရီနိုင်ငံရဲ့ မြို့တော် ဘူဒါပတ်စ်မှာ စားပွဲထိုးတာ၊ ဟာသပြောတာ၊ ဖောက်သည်တွေနဲ့ စကားစမြည်ပြောတာ၊ ကလေးတွေနဲ့ ကတာတွေ အပါအဝင် ဧည့်ခံပေးနိုင်တဲ့ စက်ရုပ်တွေကို အသုံးပြုနေကြပါတယ်။ Enjoy Budapest Cafe ဆိုင်ကို အိုင်တီကုမ္ပဏီ အက်ဇို့ဖ်ဗာ ဖိုင်လက်ဇ်တိုက ဖွင့်လှစ်ခဲ့တာပါ။ ကဖေးဆိုင် တဆိုင်လုံးက ဝန်ထမ်းတွေအဖြစ် စက်ရုပ်တွေကို ခန့်ထားပါတယ်။ ဒီလိုအသုံးပြုခြင်းအားဖြင့် အလိုအလျောက် ဆောင်ရွက်မှုနဲ့ မှတ်ဉာဏ်တုနည်းပညာ တော်လှန်ရေးကို ပြည်သူတွေ ရင်းနှီးကျွမ်းဝင်လာအောင် ကူညီဖို့ ရည်မှန်းထားပါတယ်။ စက်ရုပ်စားပွဲထိုးတွေဟာ သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်း စားသောက်စရာ အမှာစာတွေကို ဖောက်သည်တွေဆီ သယ်လာပေးချိန်မှာ စက်ရုပ်တွေသွားတဲ့ လမ်းကြောင်းကနေ လူတွေက ဖယ်ပေးကြဖို့လည်း ပြောပါတယ်။ ဧည့်ကြိုအရုပ် ပက်ပါကို ဂျပန်ကုမ္ပဏီ ဆော့ဖ်ဘန့်ခ်က တီထွင်ထားပြီး ဆူညံနေတဲ့ ပတ်ဝန်းကျင်မှာ ဖောက်သည်ပြောတဲ့ စကားကို ကြားနိုင်စွမ်းရှိအောင် မွမ်းမံထားတယ်လို့ ကဖေးဆိုင်ရှင်က ပြောပါတယ်။ အွန်လိုင်းပေါ်က ရှုမြင်သုံးသပ်ချက်တွေအရ ဖောက်သည်တွေဟာ ပက်ပါစက်ရုပ်ရဲ့ နောက်တီးနောက်တောက် အမူအယာလေးတွေကို ချစ်ကြပုံရတယ်လို့ မီဒီယာတွေက သုံးသပ်ပါတယ်။ အလိုအလျောက် တုံ့ပြန်တဲ့စနစ်နဲ့ မှတ်ဉာဏ်တု နည်းပညာတွေက လူတွေရဲ့ အလုပ်အကိုင်တွေကို လုယူသွားမှာ စိုးရိမ်နေကြတာတွေတော့ ရှိနေပါတယ်။ စက်ရုပ်တွေ ကောင်းကောင်း အလုပ်လုပ်အောင် မွမ်းမံပြီးရင် ကဖေးဆိုင်လုပ်အားကို ၂ ဆ တိုးမယ်လို့ ဆိုင်ရှင်က ပြောခဲ့ပါတယ်။
3 years Ago

May 5, 2016

တိရစ္ဆာန်ရုံငယ်တခုသဖွယ် ခံစားနိုင်မည့် ဘန်ကောက်ကဖေးဆိုင် (ရုပ်သံ)

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ ကဖေးဆိုင်တဆိုင်ဟာ တိရစ္ဆာန်ချစ်သူတွေအတွက်တော့ စိတ်ကျေနပ်မှု ရစေပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ လာရောက်တဲ့ ဧည့်သည်တွေအနေနဲ့ ကဖေးဆိုင်တွင်းမှာ မြေခွေး၊ အာဖရိကမြွေပါ စတဲ့ ကမ္ဘာတလွှားက ထူးခြားဆန်းပြားတဲ့ တိရစ္ဆာန်တွေနဲ့ နီးနီးကပ်ကပ် ရှိနေနိုင်အောင် စီစဉ်ပေးထားလို့ပါပဲ။ ဒီကဖေးဆိုင်ကို ပြီးခဲ့တဲ့နှစ်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ထွေးပွေ့ချင်စရာ တိရစ္ဆာန်အကောင်ပလောင်ငယ်တွေနဲ့အတူ နီးနီးကပ်ကပ် ရှိနေနိုင်အောင် ပြင်ဆင်ထားခဲ့တာပါ။ ကဖေးရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်မှာတော့ အဆောက်အဦ မှန်ခန်းတွင်းက ထူးဆန်းတဲ့ ချစ်စရာ တိရစ္ဆာန်ငယ်လေးတွေနဲ့အတူ ရိုက်ကူးထားကြတဲ့ ဧည့်သည်တွေရဲ့ ဓာတ်ပုံတွေ၊ ဗွီဒီယိုဖိုင်တွေကို မျှဝေထားပါတယ်။ ဆိုင်ကို လာရောက်သူတွေအနေနဲ့ ၀င်ကြေးသတ်မှတ်ထားတာမျိုးမရှိဘဲ နီးနီးကပ်ကပ် ဆော့ကစားနိုင်မယ့် တိရစ္ဆာန်ငယ်တွေအလိုက် စားသောက်စရာစာရင်းမှ အစားအစာတွေကို မှာယူရမှာဖြစ်တယ်လို့ ယူပီအိုင်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ နောက်တချက်ကတော့ ဆိုင်တွင်း လာရောက်ကြတဲ့သူတွေဟာ လက်ကို စင်ကြယ်အောင် ဆေးကြောပြီး ဖိနပ်ကိုလည်း ချွတ်ထားခဲ့ရမှာဖြစ်တယ်လို့ ဆိုပါတယ်။ ရှားပါးတိရစ္ဆာန် အကောင်ပလောင်ငယ်တွေနဲ့ ၀န်ဆောင်မှုပေးနေတဲ့ အဲဒီကဖေးဆိုင်ကို တိရစ္ဆာန်အခွင့်အရေး ကာကွယ်သူတွေဘက်က ဝေဖန်မှုတွေ မြင့်တက်လာခဲ့ပေမယ့် ဆိုင်အနေနဲ့ကတော့ ဒါဟာ လာရောက်စားသုံးသူတွေရဲ့ စိတ်သောကပြေပျောက်စေဖို့ ရည်ရွယ်တာလို့ ပြောပါတယ်။
6 years Ago
Up