သိပ်မကြာသေးခင်က လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ဟိုးလေးတကြော်ဖြစ်ခဲ့တဲ့ ကေပေါ့ပ်လိင်ပိုင်းဆိုင်ရာ အရှုပ်တော်ပုံထဲမှာ ပါဝင်ခဲ့သူ အဆိုတော် Jung Joon-young နဲ့ Choi Jong-hoon တို့ကို ကိုရီးယားနိုင်ငံတရားရုံးက ထောင်ဒဏ် ၆ နှစ်နဲ့ ၅ လစီ ကျခံစေဖို့ အမိန့်ချမှတ်လိုက်ပါတယ်။
သူတို့ နှစ်ဦးဟာ အသက်မပြည့်သေးတဲ့မိန်းကလေးငယ်တွေကို အိပ်ဆေးတိုက် မုဒိမ်းကျင့်ထားတဲ့ တရားမဝင် ချောင်းရိုက်ဗွီဒီယိုတွေကို အင်တာနက်ပေါ်က လျှို့ ဝှက်စကားပြောခန်း Chatroom ထဲမှာ ဖြန့်ဝေမှုနဲ့ စစ်ဆေးအရေးယူခံခဲ့ရတာပါ။
ထောင်ဒဏ်နဲ့အတူ သူတို့ နှစ်ယောက်လုံးကို ကလေးသူငယ်တွေနဲ့ လက်တွဲ အလုပ်လုပ်ဖို့ တားမြစ်တာတွေ၊ အသက်မပြည့်သေးသူတွေကို လိင်ပိုင်းအကြမ်းဖက်မှုနဲ့ဆိုင်တဲ့ နာရီ ၈၀ စာ ကုထုံးသင်တန်းပညာပေးတာတွေကိုလည်း ခံယူရမှာ ဖြစ်ပါတယ်။
ဒါဟာ ကမ္ဘာ့နာမည်ကြီး ကေပေါ့ပ်အသိုင်းအဝိုင်းမှာတော့ တကယ့်ကို ဟိုးလေးတကြော်ဖြစ်ခဲ့ရတဲ့ ဖြစ်ရပ်တခုပါ။
တရားသူကြီး Kang Seong-soo ကတော့ အသက် ၃၀ အရွယ် တရားခံ Jung ဟာ အရက်မူးပြီး မြောနေတဲ့ အမျိုးသမီးတွေကို ဝစ်လစ်စလစ်နဲ့ မှတ်တမ်းယူ၊ မုဒိမ်းကျင့်ပြီး အင်တာနက်ပေါ်မှာ လျှို့ဝှက်ဖြန့်ချိခဲ့တယ်လို့ ပြောပါတယ်။
“ကျူးလွန်ခံခဲ့ရသူ(မိန်းကလေးတွေ)အနေနဲ့ ဒါတွေကို နောက်ပိုင်းပြန်တွေ့ချိန်မှာ ဘယ်လောက် နာကျင်ခံစားရမလဲ ဆိုတဲ့ အတိုင်းအဆကို ကျနော် မခန့်မှန်းနိုင်ပါဘူး”
Jung ဟာ မိန်းကလေးငယ်တွေကို သူ့စိတ်ပျော်ရွှင်မှုအတွက် အသုံးချစရာ ပစ္စည်းတခုလို ရှုမြင်ပုံရတယ်လို့လည်း သူက ပြောပါတယ်။
သူ့ကို နောက်ဆုံး စစ်ဆေးမေးမြန်းမှုမှာတော့ တရားခံ Jung က သူ့ရဲ့ ရူးမိုက်တဲ့ လုပ်ရပ်အတွက် တကယ့်ကို ရှက်မိပြီး နောင်တတွေနဲ့ ဆက်ပြီးတော့ အသက်ရှင်သွားရတော့မယ်လို့ ပြောလိုက်ပါတယ်။
ပြီးခဲ့တဲ့ မတ်လမှာတော့ ခုလို လုပ်ဆောင်ခဲ့မှုတွေကြောင့် ဂီတလောကကနေ နုတ်ထွက်ခဲ့ပါတယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။
3 years Ago