နာမည်ကြီး တောင်ကိုရီးယား နာမည်ကျော် ကေပေါ့ပ်ဂီတအဖွဲ့ BTS က ရဲတွေရဲ့ ရက်စက်မှုကို ဆန့်ကျင်တဲ့ လူမည်းရဲ့ အသက်လည်း အရေးပါတယ်လို့ နာမည်ပေးထားတဲ့ ဆန္ဒပြပွဲတွေအတွက် အမေရိကန်ဒေါ်လာ ၁ သန်း လှူဒါန်းလိုက်တယ်လို့ သူတို့ရဲ့လုပ်ငန်း Big Hit Entertainment က ပြောကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ဇွန် ၄ ရက်ကလည်း အဖွဲ့ဝင် ၇ ယောက်ပါတဲ့ BTS အဖွဲ့ဟာ လူမျိုးရေးခွဲခြားမှုနဲ့ အကြမ်းဖက်မှုကို ဆန့်ကျင်တယ်လို့ သူတို့ရဲ့ တွစ်တာအကောင့်မှာ BlackLivesMatter ဆိုတဲ့ စာသားနဲ့တွဲပြီး တင်ခဲ့ကြပါတယ်။
“ကျနော်တို့ဟာ လူမျိုးရေး ခွဲခြားဖိနှိပ်မှုကို ဆန့်ကျင်ရပ်တည်တယ်။ အကြမ်းဖက်မှုကို ရှုတ်ချတယ်။ ကျနော်တို့ အားလုံးမှာ လေးစားခံပိုင်ခွင့် ရှိတယ်။ ကျနော်တို့အတူတူ ရပ်တည်သွားမယ်” လို့ တွစ်တာပေါ်မှာ ရေးခဲ့ကြပါတယ်။
ဒီစကားဟာ BTS ပရိသတ်တွေကြားမှာ အုတ်အော်သောင်းတင်း ဖြစ်ခဲ့ပြီး #MatchAMillion ဆိုတဲ့ ဟက်ရှ်တဂ်နဲ့အတူ အလှူလှိုင်းတရပ် စတင်ခဲ့ပါတယ်။
BTS အဖွဲ့ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကြောင့် သူတို့ရဲ့ ကမ္ဘာလှည့်ဖျော်ဖြေပွဲကို ဧပြီလတည်းက ဆိုင်းငံ့ထားခဲ့တာပါ။
အမေရိကန်နိုင်ငံ မီနီယာ ပိုလစ်မြို့မှာ လက်နက်မဲ့ လူမည်းအမျိုးသား ဂျော့ဖလွိုက်ရဲ့ လည်ပင်းကို လူဖြူရဲက ဒူးနဲ့ ၉ မိနစ်နီးပါး ထောက်ထားခဲ့လို့ လူမည်းအမျိုးသား သေဆုံးအပြီးမှာ လူမျိုးရေး ခွဲခြားမှု ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ကမ္ဘာတလွှား ပေါ်ပေါက်ခဲ့ပါတယ်။
အာရှပစိဖိတ်ဒေသမှာ သြစတြေးလျနဲ့ ထိုင်း၊ ဥရောပ နိုင်ငံအသီးသီးနဲ့ အာဖရိကနိုင်ငံ ကင်ညာထိ နိုင်ငံအတော်များများကို ဆန္ဒပြပွဲတွေ ကူးစက်ခဲ့ပါတယ်။
9 months Ago