ကနေဒါတောမီး

May 6, 2016

ကနေဒါတွင် တောမီး အကြီးအကျယ်လောင်ကျွမ်း၊ ဒေသခံများ ပြောင်းရွှေ့ (ရုပ်သံ)

ကနေဒါနိုင်ငံ အနောက်ပိုင်း ဝေးလံသီခေါင်တဲ့ ဒေသက ဖို့ထ် မက်မာရေးမြို့မှာ တောမီးက ထိန်းသိမ်းမရအောင် လောင်ကျွမ်းနေတာပါ။ ဒါကြောင့် ဒေသခံ အယောက် ၈ သောင်းကို ဘေးကင်းရာ ရွှေ့ပြောင်းကြဖို့ ဒေသခံအစိုးရက အမိန့်ထုတ်ထားပါတယ်။ ဒါဟာ ဒေသ သမိုင်းမှာ အကြီးဆုံး ရွှေ့ပြောင်းမှုလို့လည်း ပြောပါတယ်။ ကနေဒါနိုင်ငံအတွင်း ရေနံသဲတွေရှိရာ အယ်လ်ဘာတာပြည်နယ်ရဲ့ အရှေ့မြောက်ပိုင်းမှာ မီးလောင်နေပြီး ခြောက်သွေ့တဲ့ ရာသီဥတုဖြစ်လို့ မီးသတ်သမားတွေအတွက် မီးကို ထိန်းချုပ်ဖို့ ခက်ခဲနေတာပါ။ တောမီးကြောင့် မေလ ၄ ရက်နေ့ မနက်ပိုင်းမှာ ရှဲလ် ရေနံကုမ္ပဏီက သူ့ရဲ့ ရေနံသဲတွင်း တတွင်းကို ပိတ်ခဲ့ရပြီး တခြား တွင်းတွေကိုပါ ပိတ်ဖို့ ဆက်လက် လုပ်ဆောင်နေပါတယ်။ ကုမ္ပဏီရဲ့ ဘဏ္ဍာရေး အရာရှိချုပ် ဆိုင်မွန် ဟင်နရီက ကုမ္ပဏီရဲ့ ထိပ်တန်းဦးစားပေးက ဘေးကင်းရေးနဲ့ လူ့အဖွဲ့အစည်းကို ပံ့ပိုးရေးဖြစ်တယ်လို့ ပြောပါတယ်။ ရေနံသဲကနေ ရေနံထုတ်တဲ့ လုပ်ငန်းစဉ်ကို လာမယ့်ရက်တွေမှာ ဆက်လုပ်မယ်လို့လည်း ပြောပါတယ်။ ဓာတ်ဆီပြတ်လပ်မှုနဲ့ အဝေးပြေးလမ်းမတခုကို မီးကြောင့် ပိတ်ထားရတာတွေကြောင့် တချို့လူတွေ ကားမောင်း ရွှေ့ပြောင်းဖို့ အခက်တွေ့နေပါတယ်။ ဒေသခံ လေးသောင်း လေးထောင်က မြို့ကနေ ဘေးလွတ်ရာကို ထွက်သွားပြီလို့ ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။ သေဆုံးဒဏ်ရာရမှု အစီရင်ခံစာတော့ မရှိသေးပါဘူး။
6 years Ago
Up