ကနေဒါနိုင်ငံအနောက်ပိုင်းက ဗြိတိသျှ ကိုလံဘီယာ (British Columbia) ပြည်နယ်မှာ ဆီးနှင်းတောင် ပြိုကျမှုကြီး ဖြစ်ပွားခဲ့ရာ နှင်းလျှောစီးဆိုင်ကယ်စီးသူ ၅ ဦး သေဆုံးသွားတယ်လို့ ပြည်နယ်အာဏာပိုင်တွေက ပြီးခဲ့တဲ့ ဇန်န၀ါရီ ၃၀ ရက်နေ့က ပြောပါတယ်။
ဗန်ကူးဗားမြို့ အရှေ့မြောက်ပိုင်းက မက်ခ်ဘရိုက် (McBride) မြို့အနားမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးခဲ့သူတွေဟာ အယ်ဘာတာ (Alberta) မြို့ကဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောဆိုပါတယ်။
ဆီးနှင်းတောင်ပြိုကျမှု အနီးကပ်စောင့်ကြည့်ရေးအဖွဲ့ရဲ့ ပြောခွင့်ရသူတဦးက လူတွေ သွားလာလှုပ်ရှားမှုကြောင့် အတော့်ကို ကြီးမားတဲ့ ဆီးနှင်းတောင်ပြိုကျမှုကြီး ဖြစ်ခဲ့ပြီး နှင်းလျှောစီးဆိုင်ကယ် စီးနေကြတဲ့ အဖွဲ့ ၃ ဖွဲ့ပေါ် ပြိုကျခဲ့တယ်လို့ ပြောပါတယ်။
ဒေသခံ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေ အရေးပေါ် သွားရောက် ကယ်ဆယ်ခဲ့ကြတယ်လို့ ဒေသခံသတင်းတွေက ဆိုပါတယ်။
အဲဒီ ဆီးနှင်းတောင်ပြိုကျခဲ့တဲ့ ဒေသမှာ ပြီးခဲ့တဲ့ ရက်တွေအတွင်း ဆီးနှင်းထူထူထပ်ထပ် ကျရောက်ခဲ့ပြီး မိုးလည်း ရွာထားတာပါ။
ဒါကြောင့် နောက်ထပ် ဆီးနှင်းတောင် ပြိုကျမှုတွေ ဆက်ဖြစ်ပွားနိုင်တယ်လို့ ဆီးနှင်းတောင်ပြိုကျမှု စောင့်ကြည့်ရေး ဒေသခံအာဏာပိုင်တွေက သတိပေးထားပါတယ်။
7 years Ago