ကနေဒါရှိ ဗလီတခုတွင် ပစ်ခတ်မှုဖြစ်၊ အနည်းဆုံး လူ ၅ ဦး သေဆုံး

January 30, 2017

ကနေဒါရှိ ဗလီတခုတွင် ပစ်ခတ်မှုဖြစ်၊ အနည်းဆုံး လူ ၅ ဦး သေဆုံး

ကနေဒါနိုင်ငံ ကွီဘက် (Quebec) မြို့ရှိ ဗလီတခုမှာ ဇန်နဝါရီ ၂၉ ရက်ညက ပစ်ခတ်မှုဖြစ်ပြီး အနည်းဆုံး လူ ၅ ဦး သေဆုံးသွားပါတယ်။ ကွီဘစ် အစ္စလာမ္မစ်ယဉ်ကျေးမှုစင်တာမှာ ပစ်ခတ်မှုဖြစ်ခဲ့ပြီး သေဆုံးသူတွေရဲ့ အသေးစိတ်အချက်အလက်တွေကို ရဲတပ်ဖွဲ့က မထုတ်ပြန်သေးပါဘူး။ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး လူ ၂ ဦးကို ဖမ်းဆီးထားတယ်လို့တော့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ညနေပိုင်း ဝတ်ပြုချိန်၊ ဗလီထဲ လူ ၄၀ လောက်ရှိတဲ့အချိန်မှာ ပစ်ခတ်ခံရတာဖြစ်ပြီး လူတချို့ ဒဏ်ရာရတယ်လို့လည်း အစ္စလာမ္မစ်စင်တာ ဥက္ကဋ္ဌက ပြောပါတယ်။ သေနတ်သမား ၃ ဦးလောက်အထိ ပါဝင်တယ်လို့ မျက်မြင်တွေက ဆိုပါတယ်။ ကနေဒါလုံခြုံရေးအထူးတပ်ဖွဲ့တွေ ဗလီထဲ ဝင်ရောက်ရှင်းလင်းခဲ့ကြပြီး စုံစမ်းစစ်ဆေးမှုတွေလည်း ဆောင်ရွက်နေပါတယ်။ ဒေသခံသတင်းဌာနတွေကတော့ အသက် ၂၇ နှစ်အရွယ် ဒေသခံတယောက်နဲ့ AK 47 မောင်းပြန်ရိုင်ဖယ် ကိုင်ဆောင်ထားသူတယောက်တို့ ပါဝင်တယ်လို့ ဖော်ပြကြပေမယ့် ရဲတပ်ဖွဲ့ကတော့ အသေးစိတ်ထုတ်ပြန်ခြင်း မရှိပါဘူး။ ပြီးခဲ့တဲ့နှစ်တွေအတွင်း ကွီဘက်ပြည်နယ်မှာ မွတ်စလင်မျက်နှာဖုံးဝတ်ရုံ ပိတ်ပင်ဖို့ကိစ္စ အငြင်းပွားမှုတွေ ဖြစ်ခဲ့ပြီးနောက်ပိုင်း မွတ်စလင်ဆန့်ကျင်ရေးစိတ်ဓာတ်တွေ ပြင်းထန်လာကြတာပါ။ ပြီးခဲ့တဲ့နှစ် ဇွန်လကလည်း အဲဒီယဉ်ကျေးမှုစင်တာအဝင်ဝမှာ ဝက်ခေါင်းတလုံး လာချထားတဲ့ ဖြစ်ရပ်တခုလည်း ဖြစ်ပွားခဲ့ပါတယ်။
4 years Ago
Up