ကနေဒါတိုက်လေယာဉ်တစီး လေ့ကျင့်ပျံသန်းစဉ် ပျက်ကျ၊ လေယာဉ်မှူး သေဆုံး

November 29, 2016

ကနေဒါတိုက်လေယာဉ်တစီး လေ့ကျင့်ပျံသန်းစဉ် ပျက်ကျ၊ လေယာဉ်မှူး သေဆုံး

ကနေဒါလေတပ် တိုက်လေယာဉ်တစီး နိုဝင်ဘာ ၂၈ ရက်က အယ်ဘာတာပြည်နယ်မှာ လေ့ကျင့်ပျံသန်းရင်း ပျက်ကျသွားလို့ လေယာဉ်မှူး သေဆုံးသွားပါတယ်။ နိုဝင်ဘာ ၂၈ ရက်၊ နေ့လယ်ပိုင်းမှာ Cold Lake မြို့အနီး ပျက်ကျသွားတာဖြစ်ပြီး လေယာဉ်မှူး သေဆုံးမှုကိုလည်း ကနေဒါလေတပ်က အတည်ပြုပြောဆိုပါတယ်။ အရေးပေါ်ကယ်ဆယ်ရေးနဲ့ လေကြောင်းဘေးအန္တရာယ် စုံစမ်းရေးအဖွဲ့တွေလည်း တိုက်လေယာဉ်ပျက်ကျတဲ့နေရာကို ရောက်ရှိနေကြပြီး တိုက်လေယာဉ်ပျက်ကျရခြင်း အကြောင်းရင်းကို စုံစမ်းနေပြီလို့ ကနေဒါလေတပ် ပြောခွင့်ရသူက ဆိုပါတယ်။ ဒီစုံစမ်းစစ်ဆေးမှုအချိန် ၁ နှစ်လောက် ကြာမြင့်နိုင်တယ်လို့လည်း ပြောပါတယ်။ ၂၀၁၀ ခုနှစ်ကလည်း ဒီတိုက်လေယာဉ်အမျိုးအစားပဲ Cold Lake မြို့မှာ ညပိုင်း လေ့ကျင့်ပျံသန်းရင်း ပျက်ကျခဲ့ဖူးပါတယ်။ ကနေဒါလေတပ်မှာ ဒီတိုက်လေယာဉ်တွေကို သုံးစွဲနေတာ နှစ်ပေါင်း ၃၀ ကျော်လာပြီ ဖြစ်လို့ လာမယ့် ၅ နှစ်အတွင်း ဒီတိုက်လေယာဉ်တွေကို အစားထိုးသွားဖို့လည်း ကနေဒါအစိုးရက ဆုံးဖြတ်ထားပါတယ်။ အခုလို တိုက်လေယာဉ်တွေ အဆင့်မမီတော့တဲ့အတွက်ကြောင့် နေတိုးတပ်ဖွဲ့နဲ့ မြောက်အမေရိက လေကြောင်းကာကွယ်ရေးတပ်ဖွဲ့မှာ ကနေဒါနိုင်ငံဟာ လေတပ်တာဝန်တွေကို တင်းပြည့်ကျပ်ပြည့် ထမ်းဆောင်နိုင်ခြင်း မရှိပါဘူး။
6 years Ago
Up