ကေကေမိုး

November 11, 2020

ရန်ကုန်တက္ကသိုလ်ရာပြည့်ဖျော်ဖြေပွဲတွင် စောလားထော်ဝါး၊ ကေကေမိုးနှင့် အဆိုတော်များ ဖျော်ဖြေမည်

လာမယ့် နိုဝင်ဘာ ၁၃ ရက်မှာ ကျင်းပမယ့် ရန်ကုန်တက္ကသိုလ်နှစ် ၁၀၀ ပြည့် ဂုဏ်ပြုအထိမ်းအမှတ် ဂီတဖျော်ဖြေပွဲမှာ မြန်မာအိုင်ဒေါစတား အဆိုတော် စောလားထော်ဝါး၊ ကေကေမိုးတို့နဲ့အတူ ဝါရင့်နာမည်ကြီး မြန်မာသံအဆိုတော်တွေ ပါဝင်ဖျော်ဖြေသွားဖို့ ရှိနေပါတယ်။ အခုနှစ်မှာ ကျရောက်တဲ့ ရန်ကုန်တက္ကသိုလ်နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်အနေနဲ့ တက္ကသိုလ်ဖွဲ့တေးသီချင်းအပုဒ် ၁၀၀ ကို မြန်မာ့ရုပ်မြင်သံကြားကနေ အပတ်စဉ်ထုတ် လွှင့်ပြသပေးနေပြီး မြန်မာ့ရုပ်မြင်သံကြား ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာလည်း တိုက် ရိုက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်နေ့ ပထမသီတင်းပတ်အနေနဲ့ ဖျော်ဖြေပွဲမှာတော့ ဝါရင့်တေးသံရှင်ကြီးတွေ ဖြစ်ကြတဲ့ မြန်မာပြည်သိန်းတန်၊ အောင်နိုင်၊ ဟေမာနေဝင်း တို့နဲ့အတူ ချမ်းချမ်း၊ အိုင်ရင်းဇင်မာမြင့်၊ နေမင်းအိမ်၊ ထွန်းနောင်ဆင့်၊ နန်းဆုဦးစတဲ့ တေးသံရှင်တွေ ပါဝင်ဖျော်ဖြေပေးသွားခဲ့ကြတာ ဖြစ်ပါတယ်။ အောက်တိုဘာ ၂၃ ရက် ဒုတိယသီတင်းပတ် ဖျော်ဖြေပွဲမှာတော့ မြန်မာသံအဆိုတော်ကြီးတွေ ဖြစ်ကြတဲ့ တက္ကသိုလ်လဲ့လဲ့၊ သန်းမြတ်စိုး၊ ထား၊ မောင်သိန်းဝင်းတို့နဲ့ တခြားအဆိုတော်တွေက တက္ကသိုလ်အမှတ်တရ သီချင်းတွေနဲ့ သီဆိုဖျော်ဖြေခဲ့ကြတာပါ။ အောက်တိုဘာ ၃၀ ရက် ဖျော်ဖြေပွဲ ပွဲစဉ် ၃ မှာတော့ LUCKY HAND တေးဂီတ အဖွဲ့နဲ့အတူ အဆိုတော် တူးတူး၊ ဂျေညီညီ၊ စည်သူလွင်၊ စံလင်း၊ ဖြိုးပြည့်စုံ၊ ဂျူ နီယာချစ် ကောင်း၊ နော်လီဇာ၊ မေခလာ၊ ချောစုခင်၊ မေစပယ်ညို၊ ဂျူဝယ်လ်၊ မေသူကျော် စတဲ့ တေးသံရှင်တွေ ပါဝင်ဖျော်ဖြေခဲ့ကြတာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၆ ရက် ဖျော်ဖြေပွဲ ပွဲစဉ် ၄ မှာတော့ ဂီတမှူး စန္ဒရား ဇေယျာမင်း မြန်မာမှုတေးဂီတအဖွဲ့နဲ့အတူ မြန်မာသံအဆိုတော်တွေ ဖြစ်ကြတဲ့ ခင်မောင်ကြီး၊ စန္ဒရား ဘသန်းတင်၊ မိုးထက်မြင့်၊ ဘုန်းသစ်၊ ခင်ညွန့်ရည်၊ နှင်းရည်သန့်၊ ၊ စိမ်းလဲ့လဲ့၊ စိမ့်နေခြည်၊ သွန်း၊ အိုပြည့်ရှင်၊ အေးမြဖြူ၊ ဆုမြတ်ထက်တို့က ပါဝင်ဖျော်ဖြေသွားခဲ့ကြတာ ဖြစ်ပါတယ်။ ခုတပါတ်ရဲ့ ဖျော်ဖြေပွဲပွဲစဉ် ၅ မှာတော့ Lucky Hand နဲ့ The Trees တေးဂီတအ ဖွဲ့တွေနဲ့အတူ နာမည်ကြီးအဆိုတော်တွေဖြစ်ကြတဲ့ စိန်ဝင်းထွန်း၊ အက်စ်ကဲနက်၊ ဂျေမောင်မောင်၊ ဖြိုးကြီး၊ ဇော်ပိုင်၊ ဖိုးကာ၊ ကျော်သီဟ၊ စောလားထော်ဝါး၊ သန်းသန်းနွယ်၊ ယု ဇန၊ ရတနာမိုင်၊ ကေကေမိုး၊ ဝတ်ရည်ထက်နဲ့ ဖူးဖူးသစ်တို့က ပါဝင်သီဆိုဖျော်ဖြေသွားကြမှာ ဖြစ်ပါတယ်။ ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၁ ရက်နေ့မှာ စတင်တည်ထောင်ခဲ့တဲ့  ရန်ကုန်တက္ကသိုလ်ဟာ အခုလာမယ့် ဒီဇင်ဘာ ၁ ရက်နေ့ဆိုရင် နှစ်ပေါင်း ၁၀ဝ ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ နှစ် ၅၀ ပြည့် ရွှေရတု၊ ၇၅ နှစ်ပြည့် စိန်ရတုသဘင် အခမ်းအနားတွေကို ခမ်းခမ်းနားနား ကျင်းပနိုင်ခဲ့ပေမယ့် အခုနှစ်မှာ ကျရောက်တဲ့ ရာပြည့်သဘင်ကတော့ လတ်တလော ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့်မို့ နှောင့်နှေးခဲ့ရတာ ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်ဟာ စစ်ကြိုခေတ်နဲ့ လွတ်လပ်ရေးရပြီးစ ကာလတွေက ပညာရေး ကဏ္ဍမှာ အရှေ့တောင်အာရှမှာသာမက အာရှအဆင့်မှာပါ ထိပ်တန်းက ရပ်တည်နိုင်ခဲ့တာမို့ ရန်ကုန်တက္ကသိုလ်မှာ တခြားအာရှနိုင်ငံတွေက ကျောင်းသူ၊ ကျောင်းသားတွေ လာရောက်ပြီးတော့ ပညာဆည်းပူးခဲ့ကြရတာပါ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ့အနေနဲ့ ရန်ကုန် တက္ကသိုလ်ကို ဒီကနေ့အချိန်အခါမှာ ကမ္ဘာပေါ်မှာ အကောင်းဆုံးတက္ကသိုလ်တခု ပြန်လည် ဖြစ်လာစေဖို့ မျှော်မှန်းထားကြောင်း ပြောခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံရဲ့ ပညာရေးသမိုင်းကြောင်း၊ မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းမှာ ထင်ရှားတဲ့ သမိုင်းမှတ်တိုင်တခုဖြစ်တဲ့ ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်အခမ်းအနားတွေကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလကစတင်ကာ ၂၀၂၀ ဒီဇင်ဘာလအထိ တနှစ်ပတ်လုံး ကျင်းပဖို့ ကြေညာထားခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ တကျော့ပြန်ကူးစက်မှုတွေ မြင့်တက်နေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေကြောင့် တက္ကသိုလ်တွေ၊ အခြေခံပညာကျောင်းတွေနဲ့အတူ စီးပွားရေးလုပ်ငန်း တချို့ကိုပါ ပိတ်ပင်ထားခဲ့ရတာမို့ ရာပြည့်သဘင်မှာ ကျင်းပသွားဖို့ရှိနေတဲ့ အထိမ်းအမှတ် စာစောင်ထုတ်ဝေတာတွေ၊ စာတမ်းဖတ်ပွဲတွေ၊ ပြင်ပပညာရှင်တွေ၊ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူဟောင်းတွေရဲ့ ဟောပြောပွဲတွေ၊ စာပေဂီတ အနုပညာဆိုင်ရာ တီထွင်ဖန်တီးမှုဆိုင်ရာ ပြပွဲပြိုင်ပွဲတွေ၊ ပဒေသာကပွဲတွေ၊ ဈေးရောင်း ပွဲတော်တွေ အပါအဝင် အခမ်းအနားအားလုံးကို ဘာမှမလုပ်နိုင်ခဲ့ပဲ ရပ်ဆိုင်းထားခဲ့ရတာ ဖြစ်ပါတယ်။
5 months Ago

September 12, 2020

အလွမ်းတေးသီငှက်ကလေး ကေကေမိုး သီဆိုသည့် ရုပ်ရှင်ဇာတ်ဝင်တေး “မဆုံစည်းခဲ့လေသော အချစ်များ” (ရုပ်သံ)

“မဆုံစည်းခဲ့လေသော အချစ်များ အကြောင်းရယ်… ပြန်လည်ကာ တွေးမိတော့ရယ်… ဟိုတုန်းက နှစ်ယောက်သား… အတူတူ စားစား… သွားသွားကွယ်… ဘယ်အခါ မခွဲ… တနေ့ဝယ် ပြန်လည်လို့ ဆုံစည်းကြမယ်… တနေ့ဝယ် ပြန်လည်လို့ တကယ် ဆုံ ကြမယ်… အားမလျှော့ခဲ့ပါဘူးကွယ်… အချစ်ရယ်” ဒါကတော့ တချိန်က အားလုံးရဲ့ ပါးစပ်ဖျား ရေပန်းစားခဲ့တဲ့ ရုပ်ရှင်ဇာတ်ဝင်တေး တပုဒ်ဖြစ်တဲ့ “မဆုံစည်းခဲ့လေသောအချစ်များ”သီချင်းထဲက တေးသွားစာသားတွေဖြစ်ပြီး ခုတခါမှာတော့ တေးသံရှင် ကေကေမိုးရဲ့ သီဆိုမှုနဲ့ မြန်မာ့ရုပ်ရှင်ရာပြည့်ဖျော်ဖြေပွဲမှာ ပြန်လည်သီဆိုဖျော်ဖြေသွားခဲ့တာ ဖြစ်ပါတယ်။ ၁၉၇၉ ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ “ချစ်ကြိုးတွေသွယ်ကာရစ်ကာ” ရုပ်ရှင်ရဲ့ ဇာတ်ဝင်တေးတပုဒ်ဖြစ်တဲ့ ဒီသီချင်းကိုတော့ တေးရေး အကယ်ဒမီစန္ဒရားလှထွတ်က ရေးစပ်ပေးခဲ့တာ ဖြစ်ပြီး တေးသံရှင် တင်မိုးခိုင်က မူရင်းအဆိုရှင်အဖြစ် သီဆိုပေးထားခဲ့တာ ဖြစ်ပါတယ်။ ယမုံနာရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်လိုက်တဲ့ ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ ကြီးမြင့်က ရိုက်ကူးပြီး နာမည်ကြီး သရုပ်ဆောင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ ကျော်ဟိန်း၊ ချိုပြုံး၊ ခင်သီတာထွန်းတို့က ပါဝင်သရုပ်ဆောင်ထားခဲ့ကာ ပရိသတ်တွေကြား အားပေးမှုအခိုင်အမာရရှိခဲ့တဲ့ အောင်မြင်တဲ့ ရုပ်ရှင်ကားတကား ဖြစ်ခဲ့ပါတယ်။ “အိပ်မက်မက်နေသလား… ထင်မှားမိတယ်… တခါတလေ အားကဖြင့်ငယ်… သူလည်းပဲလေ ကိုယ့်လိုသာပဲ… ရှိမပေါ့ကွယ်… အခြေနေကရယ်… တနေ့ဝယ်… ပြန်လည်လို့ ဆုံစည်းကြမယ်… တနေ့ဝယ်… ပြန်လည်လို့ တကယ်ဆုံကြမယ်… အားမလျှော့ခဲ့ပါဘူးကွယ်… အချစ်ရယ်” အသက် ၂၂ နှစ်အရွယ် တေးသံရှင် ကေကေမိုးဟာ တေးသံရှင် ချောစုခင်ရဲ့ ညီမ ဝမ်းကွဲတော်စပ်ကာ “ကျွန်မ”သီချင်းနဲ့ ပရိသတ်အားပေးမှုတွေ ရရှိထားခဲ့သူဖြစ်ပြီး အဲဒီသီချင်းနဲ့ပဲ စီးတီးအက်ဖ်အမ်ရဲ့ ရေပန်းအစားဆုံး အမျိုးသမီးတေးသံရှင်သစ်ဆုကို ရရှိထားခဲ့တာ ဖြစ်ပါတယ်။ သူဟာ ရုပ်ရှင်ဇာတ်ဝင်တေးတော်တော်များများကိုလည်း အကောင်းဆုံး သီဆိုနေရသူတဦး ဖြစ်ပြီး “ငါ့ကိုနမ်းတဲ့မုန်တိုင်း”ရုပ်ရှင်ကားထဲက ဇာတ်ဝင်တေး “မောင် မငိုရဘူးနော်”၊ “မှော်ကျောက်စာ”ရုပ်ရှင်ကားထဲက ဇာတ်ဝင်တေး “ကျေနပ်တယ်”စတဲ့ သီချင်းတွေဟာ ပရိသတ် လက်ခံအားပေးတဲ့ သီချင်းတွေ ဖြစ်ခဲ့ပါတယ်။ လတ်တလောမှာတော့ ကေကေမိုးဟာ “ကျွန်မ” အမည်နဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တချပ် ထွက်ရှိထားခဲ့ပြီး အနုပညာလှုပ်ရှားမှုတွေ ဆက်လက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ခပ်ဆွေးဆွေးသီချင်းစာသားတွေ၊ သံစဉ်တွေနဲ့ သီချင်းတွေ သီဆိုရင်း ပရိသတ်တွေကြား ရေပန်းစားလာတဲ့ အဆိုတော် ကေကေမိုးရဲ့ “မဆုံစည်းခဲ့ လေသောအချစ်များ”ကို ပြန်လည်ဆန်းသစ်သီဆိုမှုဟာလည်း ပုံစံတမျိုးနဲ့ လှပနေခဲ့တာကို ပရိသတ်တွေက ခံစားနား ဆင်ကြရမှာ ဖြစ်ပါတယ်။ “ဒီတကွေ့ မတွေ့ရင်လည်း… သံသရာ အကွေ့တကွေ့ဝယ်… အကြောင်းဆက် ပေါင်းဖက်ဖို့… အမြဲ ဆုခြွေမယ်… နွေမိုးဆောင်းတွေလည်း… ဘယ်လို ပြောင်းပြောင်းကွယ်… ကိုယ့်အချစ်ကတော့… မပြောင်းလဲခဲ့ပါတယ်”
7 months Ago
Up