ကူးတို့ဆိပ်

September 25, 2021

မုံရွာ‌-ညောင်ပင်ကြီး ကူးတို့ဆိပ်၌ ခရီးသည် ၄ ဦးကို စစ်ကောင်စီဖမ်းဆီး

စစ်ကိုင်းတိုင်း မုံရွာ-ညောင်ပင်ကြီးကူးတို့ဆိပ် မုံရွာဘက်ကမ်း နန်ချွန်စတိုးဆိုင်အနီးမှာ စက်တင်ဘာ ၂၄ ရက်နေ့ ညနေ ၅ နာရီလောက်မှာ ခရီးသည် ၄ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ကူးတို့ဆိပ်အနီး အလုပ်လုပ်နေတဲ့ အမျိုးသမီးတစ်ဦးက “မုံရွာဘက်ကို ကူးလာတဲ့ ကူးတို့စက်လှေပေါ်ကနေ ဆင်းလာတဲ့ ခရီးသွား ၄ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးသွားတယ်ဗျ။ ဘာကြောင်ဖမ်းတာလဲ ဆိုတာတော့ ဖုန်းကိုစစ်ပြီးဖမ်းသွားတာ။ အမျိုးသား ၃ ဦး နဲ့ အမျိုးသမီး ၁ ဦးပါဗျ။ အသက်အရွယ်ကတော့ လူလတ်ပိုင်းတွေလောက်တော့ရှိတယ်။ သေသေချာချာတော့ မကြည့်ရဲဘူးလေ။ ဒီကောင်တွေက ယုံရတဲ့သူတွေ မဟုတ်ဘူးရယ်။ မထင်ရင်ပစ်တာ” လို့ ပြောပါတယ်။

စက်တင်ဘာ ၂၃ ရက်နေ့ ညနေ ၅ နာရီလောက်ကလည်း မုံရွာဘက်ကနေ ညောင်ပင်ကြီးဘက်ကို ကူးတဲ့ အလုပ်သမားအများစုပါတဲ့ ကူးတို့စက်လှေကို စစ်ကောင်စီတပ်က သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့်  အလုပ်သမား ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

1 year Ago

January 31, 2021

ကိုဗစ်-၁၉ ထိန်းချုပ်ရန် မုံရွာ ကူးတို့ဆိပ် ၃ ခုအနက် ၁ ခုသာခွင့်ပြုသဖြင့် ဒေသခံများ အခက်ကြုံ

မုံရွာမြို့မှာ ချင်းတွင်းမြစ်အနောက်ဘက်ကမ်း  ညောင်ပင်ကြီးဘက်ကို ပြေးဆွဲနေတဲ့ ကူးတို့ဆိပ်ကမ်းနေရာ ၃ နေရာအနက် ဇန်နဝါရီ ၃၀ ရက်နေ့ကစတင်ပြီး ၁ နေရာတည်းသာ သတ်မှတ်ပြေးဆွဲတာကြောင့် အခက်ခဲဖြစ်စေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မုံရွာမြို့မှာ ကိုဗစ်ရောဂါပိုး ကူးစက်မှု ထိန်းချုပ်နိုင်ဖို့အတွက် ဇန်နဝါရီ ၃၀ ရက်နေ့ကစပြီး ရွှေလွန်းပျံဇက်ကူးတို့နေရာ ၁ နေရာတည်းကနေသာ သွားလာဖို့ သတ်မှတ်လိုက်တာလို့ သိရပါတယ်။

မုံရွာမြို့ ဒေသခံဦးတင်အေးက “မုံရွာ ကူးတို့ဆိပ်နေရာ ၃ ခုကနေ နေ့စဉ် ကူးသန်းသွားလာနေတဲ့ အလုပ်လုပ်ကိုင်‌သူတွေ၊ ဈေးသည်တွေ၊ ဝန်ထမ်းတွေ အများကြီးပဲ။ ကိုဗစ်ကြောင့် အခုလို သတ်မှတ်လိုက်တယ်ဆိုတာ သဘောပေါက်တယ်။ ဒါပေမဲ့ တနေရာတည်းက ကူးသန်းသွားလာမယ်ဆိုရင် အားလုံးက ဒီနေရာထဲမှာ စုပြုံပြီး လူက ပိုများသွားမှာ၊ အဲဒါမှ ပိုဆိုးသွားလိမ့်မယ်နောက်ပြီး ကူးသန်းမယ့်သူအများစုဟာ အချိန်နဲ့ အလုပ်လုပ်ကိုင်နေရသူတွေဖြစ်တယ်။ ဒီပုံစံတိုင်းကြီးဆို အဘက်ဘက်က ထိခိုက်ကုန်မှာ စိုးရိမ်ရတယ်" လို့ ပြောပါတယ်။

အခုလိုသတ်မှတ်လိုက်တာက ကိုဗစ်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်တာဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြားတဲ့အတွက် စည်ပင်အနေနဲ့ ထုတ်ပြန်တာလို့ မုံရွာမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးကျော်မျိုးဝင်းက ပြောပါတယ်။

ထုတ်ပြန်ချက်အရ မုံရွာမြို့မှာ ချင်းတွင်းမြစ်အနောက်ဘက် ညောင်ပင်ကြီးဆိပ်ကမ်းကို ကူးသန်းနေတဲ့ ကူးတို့ဆိပ် ၃ နေရာအနက် အခုအခါ ငွေဇင်ယော်ကူးတို့နဲ့ ထန်းတောစက်လှေ ကူးတို့ဆိပ်ကမ်းတွေကို ယာယီပိတ်လိုက်ပြီး ရွှေလွန်းပျံကူးတို့ ဇက်ဆိပ်နေရာ တစ်နေရာတည်းကပဲ ကူးသန်းရမှာ ဖြစ်ပါတယ်။

မုံရွာ - ညောင်ပင်ကြီး ကူးသန်းသွားလာနေသူ  နေ့စဉ် ထောင်နဲ့ချီရှိတယ်လို့ သိရပြီး အခုကူးသန်းခွင့်ပြုထားတဲ့ ရွှေလွန်းပျံကူးတို့ဇက်ဆိပ်နေရာမှာတော့ ကူးသန်းမယ့်သူတွေကို ကျန်းမာရေးစစ်ဆေးတာတွေ ပြုလုပ်နေပါတယ်။

မုံရွာမြို့နယ်မှာ ဇန်နဝါရီလ ၃၀ ရက်နေ့အထိ ပိုးတွေ့လူနာ ၂၅၁ ဦးရှိနေပြီဖြစ်ပြီး သေဆုံးသူ ၆ ဦးနဲ့ လက်ရှိမှာ ဆေးကုသမှုခံယူနေသူ ၆၆ ဦး ရှိနေပါတယ်။

သတင်း - ရန်နိုင်စိုး

2 years Ago
Up