ကူးစက်ရောဂါပညာရှင်

January 21, 2021

တိုကျိုအိုလံပစ် ကိုဗစ်-၁၉ အန္တရာယ် စိုးရိမ်ရဟု ကူးစက်ရောဂါပညာရှင် သတိပေး

တိုကျိုအိုလံပစ်ပြိုင်ပွဲဟာ   ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်ခြေသိပ်များတယ်လို့ ထင်ရှားတဲ့ ကူးစက်ရောဂါပညာရှင် တစ်ဦးက ပြောပါတယ်။  အိုလံပစ်ပြိုင်ပွဲကို   ဇူလိုင် ၂၃ ရက်မှာ ပြန်ကျင်းပမှာ ဖြစ်ပေမဲ့      ဂျပန်နိုင်ငံ ဒေသ အတော်များများမှာ ကပ်ရောဂါဘေး အရေးပေါ် အခြေအနေ ထုတ်ပြန်ထားပြီး  ကန့်ကွက်တာတွေ များလာတာမို့  ပွဲစီစဉ်သူတွေဟာ ဖိအားတွေ ရင်ဆိုင်နေရပါတယ်။  "ရောဂါကူးစက်လို့ မနှစ်တုန်းက ဖျက်ခဲ့တဲ့ တိုကျိုအိုလံပစ်ကို ဘာလို့ ပြန်လုပ်မှာလဲ။ အခုက  မနှစ်ကထက် ပိုကြီမားတဲ့ အန္တရာယ်ကို ကြုံနေရတယ်"လို့ ကိုဘေတက္ကသိုလ်က ထင်ရှားတဲ့ ကူးစက်ရောဂါပညာရှင် ကန်တာရိုအီဝါတာက ဆိုပါတယ်။  တခြားစီးပွားရေး ထိပ်တန်း ရောက်တဲ့ နိုင်ငံတွေလောက်  ဂျပန်ဟာ ကပ်ရောဂါဒဏ် သိပ်မခံ ရပေမဲ့ မကြာသေးခင်က ကူးစက်တာတွေ မြင့်တက်တာကြောင့် နေထိုင်သူ မဟုတ်တဲ့ နိုင်ငံခြားသားတွေကို နယ်စပ်အဝင်အထွက် ပိတ်ခဲ့ပြီး တိုကျိုနဲ့ မြို့ကြီးတွေမှာ အရေးပေါ် အခြေအနေ ထုတ်ပြန်ခဲ့ပါတယ်။  ရွှေ့ဆိုင်းထားတဲ့ တိုကျိုအိုလံပစ်နဲ့ ပါရာလမ်ပစ်ပြိုင်ပွဲကို ကမ္ဘာတဝန်းက အားကစားသမား နဲ့ အထောက်အကူပြု ဝန်ထမ်း ၁၅,၀၀၀ လာရောက်မှာဖြစ်တာမို့ အိုလံပစ်ဟာ ပွဲစီစဉ်သူတွေ အတွက် စိန်ခေါ်မှု တစ်ရပ်လည်း ဖြစ်ပါတယ်။  ဝန်ကြီးချုပ် ယိုရှီဟီဒဲဆူဂါကတော့ အိုလံပစ်ကို စီစဉ်ထားတဲ့အတိုင်း အစိုးရက ဆက်လုပ်နေတယ်လို့ ပြောပါတယ်။ တိုကျိုအိုလံပစ်ပြိုင်ပွဲကို ဖျက်သိမ်းမယ်ဆိုရင်  ပွဲစီစဉ်သူတွေဟာ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၄ ဘီလီယံ ဆုံးရှုံးပြီး ကြီးမားတဲ့ ဘဏ္ဍာရေး ဆုံးရှုံးမှုဖြစ်စေမယ်လို့ ရိုက်တာက သုံးသပ်တင်ပြပါတယ်။ 
5 months Ago

July 14, 2020

၂၀၂၀ နှစ်ကုန်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ပေါ်လာနိုင်ဟု အမေရိကန် ပညာရှင် ပြော

၂၀၂၀ ပြည့်နှစ်ကုန်ပိုင်းမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်မျိုးထက်မနည်း ပေါ်လာနိုင်တယ်လို့ အမေရိကန် ထိပ်တန်းကူးစက်ရောဂါ ပညာရှင် အန်တိုနီဖော်ချီက ဇူလိုင် ၁၃ ရက်မှာ ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ တိုးလာတာက ရောဂါဖြစ်ပွားတာကို ကာကွယ်ဖို့ အမေရိကန်မှာ လော့ဒေါင်း လုံးလုံးချတာမျိုး မလုပ်တာကြောင့် ဖြစ်တယ်လို့လည်း ဖော်ချီက  ဆိုပါတယ်။  ဒါ့အပြင် တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာ နေတာ၊ နှာခေါင်းစည်းတပ်တာ၊ လူစုလူဝေး ရှောင်ရှားတာနဲ့ လက်ဆေးတာလို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး အခြေခံနည်းလမ်းတွေကိုလည်း  ဖော်ချီက အလေးထား ပြောဆိုခဲ့ပါတယ်။ အိမ်ဖြူတော် ကိုရိုနာဗိုင်းရပ်စ် ကျန်းမာရေး ကျွမ်းကျင်သူတွေ ချမှတ်ထားတဲ့ လမ်းညွှန်ချက်တွေကို အတိအကျလိုက်နာဖို့ကိုလည်း ဖော်ချီက အမေရိကန်ပြည်နယ်တွေကို တိုက်တွန်းထားတယ်လို့   ရိုက်တာက ဖော်ပြပါတယ်။
11 months Ago
Up