ကူးစက်ရောဂါဆိုင်ရာဌာန

October 26, 2020

ဂျာမန် ကူးစက်ရောဂါဆိုင်ရာဌာန တိုက်ခိုက်ခံရ

ဂျာမနီနိုင်ငံရှိ ရောဘတ်ကို့ချ် ကူးစက်ရောဂါဆိုင်ရာ ဌာနကို မီးလောင်စေတတ်တဲ့ပစ္စည်းတွေနဲ့ ညလုံးပေါက် တိုက်ခိုက်ခံရလို့ အဆောက်အအုံမှာ အပျက်အစီးနည်းနည်း ရှိခဲ့တယ်လို့ အောက်တိုဘာ ၂၅ ရက်မှာ ဂျာမန်ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီဌာနဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးဟန့်တားရေး ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်ချက်တွေအတွက် အစိုးရကို အကြံပေးနေတဲ့ အဖွဲ့အစည်းပါ။ တိုက်ခိုက်သူတွေဟာ မီးလောင်စေတတ်တဲ့ပစ္စည်းတွေ ထည့်ထားတဲ့ ပုလင်းတွေကို အဆောက်အအုံဆီ ပစ်ပေါက်ခဲ့တယ်လို့ လုံခြုံရေးအစောင့်တွေက မျက်မြင်သက်သေ ထွက်ဆိုပါတယ်။ မီးရှို့သူတွေကို မဖမ်းမိသလို ထိခိုက်ဒဏ်ရာရသူလည်း မရှိပါဘူး။ ဂျာမနီနိုင်ငံဟာ တခြား ဥရောပနိုင်ငံအများစုလို ကိုဗစ်-၁၉ ကပ်ရောဂါကို ပြင်းပြင်းထန်ထန် ခံရတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ နေ့စဉ် အသစ်ကူးစက်ခံဦးရေက ပြန်တက်လာခဲ့ပြီး ဒီသီတင်းပတ်ထဲမှာတော့ ပထမဆုံးအကြိမ်အနေနဲ့ ၂၄ နာရီအတွင်း အသစ်ကူးစက်ခံဦးရေ ၁၀,၀၀၀ ကျော် ရှိပါတယ်။  စနေနေ့မှာတော့ ကူးစက်ခံ သေဆုံးသူဦးရေ စုစုပေါင်း ဦးရေ ၁၀,၀၀၀ ကျော် ရှိပါတယ်။  ဂျာမန်ပြည်သူအများစုက ပြည်ထောင်စုနဲ့ ဒေသန္တရအစိုးရတို့ ချမှတ်တဲ့ လူစုလူဝေးမလုပ်ဖို့ ကန့်သတ်ချက်နဲ့ ခရီးသွားကန့်သတ်ချက်တွေကို ထောက်ခံကြပါတယ်။ ဒါပေမဲ့ ဘာလင်နဲ့ ကွန်းစတန့်မြို့တွေ အပါအဝင် မြို့ကြီးတွေမှာ ကပ်ဘေးတုံ့ပြန်ရေး လုပ်ဆောင်ချက်တွေကို ဆန့်ကျင်ဆန္ဒပြဖို့ ထောင်ချီတဲ့လူတွေ စုရုံးခဲ့ကြပါတယ်။
1 year Ago
Up