ကူးစက်မှု အမြင့်ဆုံး

November 30, 2020

ဟောင်ကောင်တွင် ၄ လအတွင်း ကိုဗစ်-၁၉ ကူးစက်မှု အမြင့်ဆုံးရောက်ရှိ

ဟောင်ကောင်မှာ နိုဝင်ဘာ ၂၉ တရက်တည်းမှာ ကိုရိုနာဗိုင်းရပ်စ် အသစ်ကူးစက်ခံ ၁၁၅ ယောက်ကို တွေ့ခဲ့လို့ ၄ လအတွင်း အမြင့်ဆုံး ကူးစက်ခံဦးရေ ဖြစ်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ နောက်ဆုံး ကူးစက်ခံ ၄၇၉ ယောက်ဟာ ကပွဲကလပ်တွေနဲ့ ထိတွေ့ပတ်သက်ခဲ့တာကြောင့် ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ကူးစက်ပုံနဲ့ ကူးစက်ခံဦးရေအရ ဒါဟာ အရင်ကူးစက်မှု လှိုင်းတွေထက် ပိုပြင်းထန်တယ်လို့ ယူဆတယ်ဆိုပြီး ဟောင်ကောင် ကျန်းမာရေးဌာန ကူးစက်ရောဂါဌာနခွဲ အကြီးအကဲက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ နိုဝင်ဘာ ၂၆ ရက်ကစပြီး ဟောင်ကောင်ဟာ ဘားတွေ၊ နိုက်ကလပ်တွေနဲ့ တခြား ဖျော်ဖြေရေးပွဲ ကျင်းပရာ နေရာတွေကို တတိယအကြိမ်မြောက် ပိတ်ပစ်ခဲ့ပါတယ်။ ကူးစက်မှု နောက်တလှိုင်းက လျင်လျင်မြန်မြန် ပိုဆိုးလာတယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။ နိုဝင်ဘာ ၂၂ ရက်မှာ ပြန်ပြေးဆွဲမယ့် ဟောင်ကောင်၊ စင်ကာပူ လေကြောင်းခရီးစဉ်ကိုလည်း နောက်သီတင်းပတ် ၂ ပတ်ထိ ရွှေ့ဆိုင်းခဲ့ရပါတယ်။ မြို့လေဆိပ်နားမှာ ဖွင့်ထားတဲ့ ကိုဗစ်-၁၉ ကုသရေး ယာယီခန်းမကို အာဏာပိုင်တွေက ပြန်ဖွင့်ပေးခဲ့ရပါတယ်။ ဇန်နဝါရီနှောင်းပိုင်းကနေ ဟောင်ကောင်မှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ ဦးရေ ၆,၂၃၉ ယောက် ရှိပြီး ကူးစက်ခံ သေဆုံးသူ ၁၀၉ ယောက် ရှိခဲ့ပါတယ်။
1 year Ago
Up