ကူးစက်မှု မြင့်တက်

March 27, 2020

တရုတ်တွင် ပြည်ပကဝင်လာသူများမှတဆင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်လာသဖြင့် ဝင်ခွင့်ပိတ်

ပြည်ပကနေ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး ပြန်ဝင်လာသူတွေ စစ်ဆေးတွေ့ရှိရမှု မြင့်တက်လာတာကြောင့် တရုတ်အစိုးရဟာ ပြည်ပဧည့်သည်ဝင်ရောက်မှုအားလုံးကို ဗီဇာရှိသည် ဖြစ်စေ၊ နေထိုင်ခွင့်ရထားသည် ဖြစ်စေ၊ ယာယီဝင်ခွင့်ပိတ်ပင်တော့မယ်လို့ မတ် ၂၇ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ တရုတ်ပြည်ဟာ ပြည်တွင်းနဲ့ နိုင်ငံခြားလေကြောင်းလိုင်းအားလုံးကိုလည်း တစီးမှာ ခရီးသည် ၇၅ ရာခိုင်နှုန်းသာ တင်ဆောင်ဖို့နဲ့၊ တပတ်ကို လေကြောင်းခရီးစဉ်တခုစီပဲ ပြေးဆွဲဖို့ ကန့်သတ်ထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံဟာ သောကြာနေ့အထိ သုံးရက်ဆက်တိုက် ပြည်တွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကင်းမဲ့နေရာကနေ အခုအသစ်တွေ့ရှိတဲ့ ပြည်ပက ပြန်လာသူတွေမှာ ကူးစက်ခံရမှုတွေ ဖြစ်လာတာပါ။ မတ် ၂၆ ရက်နေ့က တွေ့ရှိတဲ့ ကူးစက်ခံရသူ ၅၅ ဦးမှာ ၅၄ ဦးက ပြည်ပကနေ ဝင်ရောက်လာတာ ဖြစ်ပါတယ်။ တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က မတ် ၂၇ ထုတ်ပြန်ချက်အရ နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူး စက်ခံရသူ ၈၁,၃၄၀ ဦးရှိပြီး၊ သေဆုံးသူက ၃,၂၉၂ ကျော်ရှိတယ်လို့ သိရပါတယ်။ ဒီထဲမှာ ကူးစက်ခံရသူ ၅၆၅ ဦးက ပြည်ပကနေ ပြန်လာတဲ့တရုတ်နိုင်ငံသားတွေ သို့မဟုတ် တရုတ်ကို ဝင်လာတဲ့ နိုင်ငံခြားသားတွေ ကူးစက်ခံထားရတယ်လို့ ပြောပါတယ်။ ဒီအတွင်း ဗိုင်းရပ်စ် စတင်ပြန့်ပွားလို့ ပိတ်ထားခဲ့တဲ့ ဝူဟန်မြို့ကိုတော့ လာမယ့်ဧပြီ ၈ ရက်နေ့မှာ ပြန်လည်ဖွင့်ပေးဖို့ရှိနေပြီး မြေအောက်ရထားလမ်း ၆ လိုင်းကို ပြန်ဖွင့်တော့မယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
2 years Ago
Up