ကူးစက်မှုတိုးလာ

July 13, 2020

အိန္ဒိယတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတိုးလာ၍ ပြည်နယ်အတော်များများ လော့ဒေါင်းချ

အိန္ဒိယနိုင်ငံတွင်း ပြည်နယ်အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတိုးနေတာကို ထိန်းချုပ်ဖို့ ဒေသအလိုက် အသွားအလာ ပိတ်ဆို့ကန့်သတ်မှု လော့ဒေါင်းကို ဇူလိုင် ၁၂ ရက်ကစပြီး ချမှတ်လိုက်ပါတယ်။ လူအထူထပ်ဆုံး ပြည်နယ်ဖြစ်တဲ့ ဥတ်တာပရာဒေ့ရှ်မှာ လူအယောက် ၃ သောင်းခွဲကျော်ထိ ကူးစက်သူတိုးလာတဲ့အတွက် ဇူလိုင် ၁၀ ရက်က စပြီး ၂ ရက်ကြာ လော့ဒေါင်းချခဲ့ပါတယ်။ ဒေလီ နိုဒီယာနယ်စပ်မှာ တနင်္ဂနွေနေ့က ရဲတပ်ဖွဲက ကားတွေကို စစ်ဆေးခဲ့ကြပြီး ဖြတ်သန်းခွင့် မပါတဲ့ လူတွေကို ခွင့်မပြုဘူးလို့ ရဲအရာရှိတယောက်က ပြောပါတယ်။ ကူးစက်မှု အဆိုးဆုံး ရင်ဆိုင်ရတဲ့ ပြည်နယ်တွေထဲက တခုဖြစ်တဲ့ နိုင်ငံတောင်ပိုင်းက တမီလ်နာဒူ ပြည်နယ်မှာ လော့ဒေါင်းကို ဆက်ချထားပါတယ်။ ဘန်ဂါလူရူမြို့မှာ ဒေသန္တရအာဏာပိုင်တွေက သီတင်းပတ် တပတ်ကြာ လုံးဝ လော့ဒေါင်းချတာကို ဇူလိုင် ၁၄ ရက် စလုပ်မယ်လို့ ကြေညာခဲ့ပါတယ်။ နိုင်ငံတွင်း ဇူလိုင် ၁၂ ရက် တရက်တည်းမှာ အသစ်ကူးစက်ခံ ဦးရေ ၂၈၆၀၀ ကျော်ရှိခဲ့ပြီး စံချိန်သစ် တင်ခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၈၇၀,၀၀၀ ကျော်၊ သေဆုံးသူ ၂၃,၀၀၀ ကျော်နဲ့ ကမ္ဘာ့တဝန်း အမေရိကန်၊ ဘရာဇီးနောက် ကူးစက်မှု တတိယ အများဆုံးနိုင်ငံ ဖြစ်လာပါတယ်။
1 year Ago

July 6, 2020

အမေရိကန် ပြည်နယ် ၃၉ ခုတွင် ကိုဗစ်-၁၉ ကူးစက်မှုတိုးလာသဖြင့် ကျန်းမာရေးပညာရှင်များ စိုးရိမ်

အမေရိကန်နိုင်ငံ ပြည်နယ် ၃၉ ခုမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ပိုတိုးလာနေပြီး  အားလပ်ရက် ပျော်ရွှင်ပွဲတွေကနေ ကူးစက်မှု ပိုများလာမှာကို ကျန်းမာရေးပညာရှင်တွေ စိုးရိမ်နေပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပါးစပ်နှာခေါင်းစည်း Mask ကို လူရှေ့မှာ တပ်ဖို့ ငြင်းဆန်ပြီး ဒါဟာ တကိုယ်ရေ ရွေးချယ်မှုလို့ ပြောပါတယ်။ တောင်ဒါကိုတာပြည်နယ် ရပ်ရှ်မိုးရ်တောင်မှာ ကျင်းပတဲ့ ဇူလိုင်လ ၄ ရက် ပွဲစဉ်ကို တက်လာချိန်မှာ ထရမ့်ဟာ လူချင်းလည်း မခွာသလို ပါးစပ် နှာခေါင်းစည်းလည်း မတပ်ထားပါဘူး။ ကူးစက်မှုတိုးနေချိန်မှာ အားလပ်ရက်မှာ ကမ်းခြေတွေမှာ လူအများအပြား နေပူဆာ လှုံနေကြတယ်လို့ သိရပါတယ်။ ကမ်းခြေလို၊ ဖလော်ရီဒါလို တခြားကူးစက်လွယ်ရာ နေရာတွေကနေ တကျော့ပြန် ကူးစက်နိုင်ဖွယ် ရှိနေပါတယ်။ နိုင်ငံလုံးဆိုင်ရာဗျူဟာ လိုနေပြီလို့ နယူးဂျာစီပြည်နယ်က ဒီမိုကရက်ပါတီ ဝင် အုပ်ချုပ်ရေးမှူး ဖီးလ်မာဖှီက ပြောပါတယ်။  ဇူလိုင်လရဲ့ပထမ လေးရက်အတွင်း ပြည်နယ် ၁၅ ခုမှာ ကိုဗစ်-၁၉ အသစ်ကူးစက်ခံ အရေအတွက် တိုးလာခဲ့တယ်လို့ ဆိုထားပါတယ်။  အမေရိကန်နိုင်ငံသား ၃ သန်းနီးပါး ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ခံထားရကြောင်း အတည်ပြုထားပြီး လူ ၁ သိန်း ၃ သောင်းကျော် သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းဌာနက အစီရင်ခံထားပါတယ်။ 
1 year Ago
Up