ကူးစက်မြန်ဗီဇပြောင်းဗိုင်းရပ်စ်

A d v e r t i s e m e n t With Us

January 18, 2021

ဓာတ်ခွဲနမူနာ ၆၃ ခု စစ်ဆေးချက်အရ ကူးစက်မြန်ဗီဇပြောင်းဗိုင်းရပ်စ် မတွေ့

SARS- COV-2 ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇတစ်ခုလုံးကို လေ့လာနိုင်ဖို့ ဓာတ်ခွဲနမူနာ ၆၃ ခုအား စစ်ဆေးရာမှာ ပြည်ပနိုင်ငံအချို့မှာ ဖြစ်နေတဲ့ ကူးစက်မြန်ဗီဇပြောင်းဗိုင်းရပ်စ် မတွေ့ရှိဘူးလို့ ဆေးသုတေသန ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက ပြောပါတယ်။   မြန်မာနိုင်ငံဆေးသုတေသန ဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါဖြစ်စေတဲ့ SARS- COV-2 ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇတစ်ခုလုံးကို လေ့လာမှုတွေလုပ်နေပြီး လက်ရှိအချိန်အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၆၃ ခုကို ဓာတ်ခွဲစစ်ဆေးခဲ့တာဖြစ်ပါတယ်။  အဲဒီဓာတ်ခွဲနမူနာတွေထဲမှာ ပြည်တွင်းက ကူးစက်ခံရသူတွေလည်း ပါသလို ပြည်ပက ပြန်လာသူတွေရဲ့ ဓာတ်ခွဲနမူနာတွေလည်း ပါဝင်နေတာပါ။  နောက်ဆုံးစစ်ဆေးထားတဲ့ ဓာတ်ခွဲနမူနာ ၁၁ ခုထဲမှတော့ ၆ ခုက ဂျော်ဒန်နိုင်ငံမှာ အများဆုံးကူးစက်နေတဲ့ ဗိုင်းရပ်စ်အမျိုးအစားကို တွေ့ခဲ့ရတယ်လို့ ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြတ်ထွဋ်ညွန့်က ပြောပါတယ်။ “ဂျော်ဒန်ကနေပြန်လာတဲ့ လူတွေထဲဆီကနေ မျိုးဗီဇသုတေသနတခုလုံး စစ်ဆေးဖို့ လုံလောက်တဲ့ ပိုးပမာဏပါတဲ့ ဓာတ်ခွဲအတည်ပြုလူနာဆီကရတဲ့ နမူနာကိုယူပြီး ကျနော်တို့ စစ်ဆေးခဲ့တာ ၆ ယောက် ပါပါတယ်။ ရန်ကုန်ကနေရတဲ့ ဓာတ်ခွဲနမူနာ ၃ ခု ပါပါတယ်။ ပဲခူးက ၂ ခု ပါပါတယ်။ နမူနာ ၁၁ ခုမှာ ဘာထူးခြားလဲဆိုတော့ ကျနော်တို့နိုင်ငံမှာဖြစ်တဲ့အမျိုးအစား B1.36 အမျိုးအစားဖြစ်ပြီး GH Strain ခေါ်တယ်။ ပြည်ပ ဂျော်ဒန်နိုင်ငံက လာတဲ့အမျိုးအစား ဂျော်ဒန် Strain အမျိုးအစား ဖြစ်ပါတယ်။ အများကြောက်လန့်နေတဲ့ UK အမျိုးအစား၊‌ တောင်အာဖရိကမှာ ဖြစ်နေတဲ့ ပိုပြီးကူးစက်မြန်တဲ့ အမျိုးအစား မဟုတ်သေးပါဘူး။” အခု စစ်ဆေးတွေ့ရှိထားတဲ့ ဂျော်ဒန်နိုင်ငံက ဗိုင်းရပ်စ်မျိုးဟာ မြန်မာနိုင်ငံတွင်းမှာ ကူးစက်နေတဲ့ ဗိုင်းရပ်စ်အမျိုးအစားနဲ့မတူပေမယ့် ပြည်ပနိုင်ငံတွေမှာ လတ်တလော ကူးစက်နေတဲ့ ကူးစက်မြန် ဗိုင်းရပ်စ် အမျိုးအစား မဟုတ်ဘူးလို့ ဆိုပါတယ်။  မြန်မာနိုင်ငံတွင်းမှာတော့ လက်ရှိအချိန်အထိ တောင်အာဖရိကနဲ့ ယူကေနိုင်ငံက စတင်လာတဲ့ ကူးစက်မြန်ဗီဇပြောင်းဗိုင်းရပ်စ် မတွေ့ရသေးဘူးလို့ ဒေါက်တာမြတ်ထွဋ်ညွန့်က ပြောပါတယ်။   ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးလည်း ဗိုင်းရပ်စ်ရဲ့ ဗီဇ‌ပြောင်းလဲ တတ်တဲ့သဘာဝအရ ပြည်တွင်းမှာ ဗီဇပြောင်းလဲမှုတွေ ဖြစ်လာနိုင်တယ်လို့ သုံးသပ် ပြောကြားထားတာပါ။  ဆေးသုတေသန ဦးစီးဌာနအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဗီဇပြောင်းလဲမှုတွေကို အဆက်မပြတ် စောင့်ကြည်လေ့လာသွားဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။   သတင်း - သင်းသင်းဇော်
1 month Ago

January 17, 2021

မြန်မာနိုင်ငံတွင် ကူးစက်မြန်ဗီဇပြောင်းဗိုင်းရပ်စ်မျိုး ထွက်လာနိုင်ဟု ဝန်ကြီးပြော

မြန်မာနိုင်ငံမှာလည်း ကူးစက်မြန်ဗီဇပြောင်းဗိုင်းရပ်စ်မျိုး ထွက်လာနိုင်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။ မနေ့ကလုပ်တဲ့ ပါမောက္ခတွေ၊ အထူးကုဆရာဝန်ကြီးတွေနဲ့ သူနာပြုဆရာမကြီးတွေရဲ့ ကိုဗစ်-၁၉ ကုသရေးဆိုင်ရာ အတွေ့အကြုံနဲ့ ဆန်းစစ်သုံးသပ်တွေ့ရှိချက်တွေ တင်ပြဆွေးနွေးပွဲမှာ ပြောတာဖြစ်ပြီး တနိုင်ငံလုံးမှာ ကျန်းမာရေးဝန်ထမ်း ၂၃၀၀ ကျော် ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။   ပြည်သူတွေအနေနဲ့ အထူးသတိပြုရမှာကတော့ မြန်မာနိုင်ငံမှာလည်း ပြည်တွင်းမှာ ရှိနေတဲ့ SARS-CoV-2  ဗိုင်းရပ်စ်ပိုးဟာ မျိုးဗီဇပြောင်းလဲပြီး ကူးစက်မြန် ဗီဇပြောင်းဗိုင်းရပ်စ်မျိုး ထွက်ပေါ်လာနိုင်တာပဲ ဖြစ်တယ်လို့ ဝန်ကြီးက ပြောပါတယ်။ ဒါကြောင့် ပြည်တွင်းမှာ အချိန်တိုအတွင်း ကိုဗစ်-၁၉ ကူးစက်တာများတဲ့ နေရာဒေသတွေ ရှိ/မရှိကို အထူးသတိပြု စောင့်ကြပ်ကြည့်ရှုပြီး အဲဒီဒေသက ကိုဗစ်-၁၉ လူနာတွေဆီက ဗိုင်းရပ်စ်ပိုးကို ဆေးသုတေသနဦးစီးဌာနမှာ မျိုးဗီဇတခုလုံး စစ်ဆေးဖို့ ပြောထားပြီလို့လည်း ဆိုပါတယ်။ ဒီရောဂါရဲ့ သဘောသဘာဝအရ ငုပ်လျှိုးနေတဲ့ လူနာတွေ ပြန်ပေါ်လာပြီး ရောဂါဖြစ်တာ များလာနိုင်တယ်လို့လည်း ပြောပါတယ်။ ဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်း ၂၃၀၀ ကျော် ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရပြီး ၃ ယောက် သေဆုံးခဲ့တယ်လို့ ဝန်ကြီးက ပြောပြီး အသက်ဆုံးရှုံးခဲ့တဲ့ ကျန်းမာရေးဝန်ထမ်း ၃ ယောက်အတွက် ပံ့ပိုးတာတွေကိုလည်း ဝန်ကြီးဌာနက အတတ်နိုင်ဆုံး ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ကိုဗစ်-၁၉ ဟာ တခြားရောဂါတွေနဲ့ မတူဘဲ အဆုတ်ကိုသာမက ကိုယ်ခန္ဓာအင်္ဂါစနစ်မျိုးစုံကို ထိခိုက် ပျက်စီးစေတဲ့ ရောဂါဖြစ်ပြီး ကုသမှုပေးရာမှာ ဆေးပညာဘာသာရပ်မျိုးစုံက ဆရာဝန်တွေ၊ ပညာရှင်တွေ၊ သူနာပြုတွေ စုစည်းပူးပေါင်းကုသမှုပေးရတဲ့ ရောဂါဖြစ်တဲ့အပြင်  ရေရှည်မှာလည်း နောက်ဆက်တွဲဆိုးကျိုးတွေ ရှိတာကို တွေ့ရလို့ အထူးဂရုပြု ကုသရတယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။ ဆွေးနွေးရာမှာ ပါဝင်တဲ့ ဆေးတက္ကသိုလ် (၁)  အရေးပေါ်ကုသမှု ဆေးပညာဌာနက ပါမောက္ခ/ ဌာနမှူး ပါမောက္ခ ဒေါက်တာ မော်မော်ဦးက ကိုဗစ်-၁၉ ကုသရေး လုပ်ငန်းကိစ္စအဝဝမှာ ပါဝင် ဆောင်ရွက်ခဲ့သူတွေနဲ့ Video conferencing စနစ်နဲ့ ဆွေးနွေး စစ်တမ်းယူခဲ့ပြီး တွေ့ရှိချက်တွေအရ ကျန်းမာရေးဝန်ထမ်းတွေ စိတ်ရော၊ ကိုယ်ပါ ပင်ပန်းနွမ်းနယ်နေတဲ့ အခြေအနေတွေကို တင်ပြခဲ့ပါတယ်။ ဗွီဒီယိုကွန်ဖရင့်စနစ်နဲ့ ပြုလုပ်တဲ့ အဲဒီဆွေးနွေးပွဲကို ကုသရေး၊ ဆေးပညာဘက်က ပါမောက္ခချုပ်တွေ၊ ပါမောက္ခတွေ၊ အထူးကုဆရာဝန်ကြီးတွေ၊ ဆေးရုံအုပ်ကြီးတွေ၊ ဆရာဝန်တွေ၊ သူနာပြုဆရာမကြီးတွေနဲ့ သူနာပြု စုစုပေါင်း ၇၀၀ ကျော် တက်ရောက်ဆွေးနွေးခဲ့ပါတယ်။ လက်ရှိမှာတော့ ယူကေနိုင်ငံမှာ စတင်တွေ့ရှိခဲ့တဲ့ ကိုဗစ်-၁၉ ကူးစက်မြန် ဗီဇပြောင်းဗိုင်းရပ်စ်ဟာ နိုင်ငံပေါင်း ၅၀  ကျော်နဲပ တောင်အာဖရိကနိုင်ငံမှာ စတင်တွေ့ရှိခဲ့တဲ့ ကိုဗစ်-၁၉ ကူးစက်မြန် ဗီဇပြောင်းဗိုင်းရပ်စ်ဟာ နိုင်ငံပေါင်း ၂၀  ကျော်ကို ပျံ့နှံ့ရောက်ရှိနေပါတယ်။
1 month Ago
Up