ကူးစက်ပြန့်ပွားစေရန်

August 3, 2021

ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားစေရန် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်မှုအပေါ် KNDF ကန့်ကွက်

ကိုဗစ်-၁၉ ရောဂါ မပြန့်ပွားအောင် ကာကွယ်တားဆီးနိုင်ရေး ပြည်သူတွေက ကိုယ်ထူကိုယ်ထ တည်ဆောက်ထားတဲ့ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်တွေကို စစ်ကောင်စီတပ်က အဓမ္မ ဖြုတ်ခိုင်းနေတဲ့အပေါ် အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း  ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) က ထုတ်ပြန်ပါတယ်။

လွိုင်ကော်မြို့နယ်အတွင်းရှိ ကျေးရွာနဲ့ ရပ်ကွက်တွေမှာ ပြည်သူတွေက ကိုယ်ထူကိုယ်ထ တည်ဆောက်ထားတဲ့ ကိုဗစ်-၁၉ စစ်ရေးရေးဂိတ်တွေကို အတင်းအဓမ္မ ဖြုတ်ချစေခဲ့တယ်လို့ ဆိုပါတယ်။

ဒီလိုလုပ်ဆောင်တာဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန်ပွားရေးအတွက် စစ်ကောင်စီဘက်က ရည်ရွယ်ချက်ရှိရှိလုပ်‌ဆောင်တာဖြစ်ပြီး ပြည်သူလူထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်ကြောင်းလည်း ‌ဖော်ပြပါတယ်။

ကရင်နီပြည် (ကယားပြည်နယ်အတွင်း) စစ်ကောင်စီတပ်တွေက လွိုင်ကော်၊ ဒီးမော့ဆိုနဲ့ ဖားဆောင်းမြို့နယ်တွေမှာ တပြည်နယ်လုံးအတိုင်းအတာနဲ့ စစ်ဆင်ရေးတွေ လုပ်ဆောင်နေကြောင်း၊ စစ်ကောင်စီအနေနဲ့ ဩဂုတ်ကနေ အောက်တိုဘာလအထိ အပစ်ခတ်ရပ်စဲမယ်လို့ ကြေညာထားပေမယ့် လက်တွေ့မှာ အဲဒီကြေညာချက်နဲ့ဆန့်ကျင်ပြီး ထိုးစစ်ဆင်နေကြောင်းလည်း ပြောပါတယ်။

KNDF  ပြောခွင့်ရသူတဦးက  “ကျနော်သိသလောက်ကတော့ အခု  ဖရူဆိုကနေ စစ်ကြောင်းတကြောင်း ဟိုယာ၊ ဘီယာဘက်ကို တက်လာဖို့ရှိတယ်။ တဖက်ကလည်း လိုဘာခို- ခူးပရာကနေတကြောင်း နှစ်ကြောင်း အဲနားဘက်ရွာကို ထိုးစစ်ဆင်ဖို့ရှိနေတယ်”  လို့ ပြောပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီရဲ့  ထိုးစစ်ဆင်မှုတွေမှာ ရည်ရွယ်ချက်ရှိရှိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားစေမှုတွေကို အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်းနဲ့ ပြည်သူတွေကို နည်းမျိုးစုံနဲ့ ညှဉ်းပန်းနှိပ်စက်နေမှုတွေကို ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ 

KNDF ပြောခွင့်ရသူက “စစ်တပ်ကတော့ ကတိတည်တဲ့ဟာမျိုးတော့ မရှိဘူး။ အပစ်ခတ်ရပ်စဲတယ်လို့ ဘယ်လောက်ပဲ ပြောပြော စစ်တပ်က လုပ်ချင်သလိုလုပ်ပြီး အာဏာဏာတွေ သုံးခဲ့တာလည်း ခင်ဗျားတို့ အသိပဲ။ ဒါပေမယ့် လက်ရှိ ထိုးစစ်ဆင်နေတာနဲ့ စပ်လျဉ်းပြီးတော့ ကျနော်တို့က ထုတ်ပြန်ချက်မှာ ပါတဲ့အတိုင်းပဲ အပြင်းအထန် ခုခံကာကွယ်ဖို့ရှိတယ်၊ တိုက်ခိုက်ဖို့ရှိတယ်” လို့ ပြောပါတယ်။ 

4 months Ago
Up