ကူးစက်နှုန်းမြင့်တက်

June 27, 2020

အာဂျင်တီးနားတွင် ကိုဗစ်-၁၉ ကူးစက်နှုန်းမြင့်တက်၊ လော့ဒေါင်း ပြန်တင်းကျပ်မည်

ပြီးခဲ့တဲ့အပတ်တွေအတွင်း ကိုဗစ်-၁၉ ကူးစက်မှုနှုန်း ပြန်မြင့်တက်လာတာကြောင့် အာဂျင်တီးနားနိုင်ငံ မြို့တော်ဗျုနိုအေးရိစ်မှာ ဖြေလျှော့ပေးထားတဲ့ လော့ဒေါင်းကို ပြန်လည်တင်းကျပ်သွားမယ်လို့ သမ္မတ အယ်လ်ဘာတို ဖာနန်ဒက်စ်က ဇွန်လ ၂၆ ရက်နေ့မှာ ပြောခဲ့ပါတယ်။  အာဂျင်တီးနားဟာ အိမ်နီးချင်း တောင်အမေရိကနိုင်ငံတွေဖြစ်တဲ့ ဘရာဇီး၊ ချီလီ၊ ပီရူးတို့ထက် ကပ်ဘေးကို ထိန်းချုပ်ရာမှာ ပိုမိုကောင်းမွန်ခဲ့ပါတယ်။  ဒါပေမဲ့ တနိုင်ငံလုံး ကူးစက်နှုန်းက မေလကုန်မှာ ၅ ဆမြင့်တက်လာပြီး ဇွန် ၂၅ ရက်နေ့က ကူးစက်ခံရသူ ၂၆၀၀ ကျော်ရှိခဲ့ပါတယ်။ ဒီနေ့မနက်ပိုင်းအထိ အတည်ပြုလူနာ ၅၅၀၀၀ ကျော်နဲ့ သေဆုံးသူ ၁၁၈၄ ဦးရှိတယ်လို့ သိရပါတယ်။ သမ္မတ ဖာနန်ဒက်စ်ကတော့ မြို့တော် ဗျုနိုအေးရိစ်မှာ အရင်က ဖြေလျှော့ပေးထားတဲ့ လော့ဒေါင်းကို လာမယ့်အပတ်မှာ ပြန်လည်တင်းကျပ်မယ်လို့ ဆိုပါတယ်။  မြို့တော်မှာ လော့ဒေါင်းစည်းမျဉ်းတွေကို မတ်လ ၂၀ ရက်နေ့ကတည်းကနေ ဇွန် ၂၈ အထိ ပြဋ္ဌာန်းထားခဲ့တာပါ။ အခုတော့ ဇူလိုင် ၁၇ နေ့အထိ ပိုတင်းကျပ်တဲ့ စည်းမျဉ်းတွေ ချမှတ်မယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
1 year Ago
Up