ကူးစက်နှုန်း

February 26, 2020

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်နှုန်းကျဆင်းလာဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ပြော

တရုတ်ပြည်မကြီးမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ Covid-19 ကူးစက်မှုနှုန်းဟာ ဖေဖော်ဝါရီ ၂ ရက်ကစပြီး ကူးစက်နှုန်း ကျဆင်းလာနေပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးဟာ ကိုရိုနာဗိုင်းရပ်စ် Covid-19 ကူးစက်မှုအတွက် ပြင်ဆင်ရာမှာ စိတ်နေသဘောထား ပြောင်းဖို့လိုလိမ့်မယ်။ ကူးစက်မှု ရောက်လာတာနဲ့ အမြန် တုံ့ပြန်ဖို့ အဆင်သင့်ပြင်ထားရမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့ တရုတ် ပူးတွဲလုပ်ငန်း အစီအစဉ် ထိပ်တန်းပညာရှင် ဒေါက်တာဘရုစ်အိုင်းဝါ့ဒ်က ဖေဖော်ဝါရီ ၂၅ ရက်မှာ ပြောပါတယ်။  တရုတ်ရဲ့ ရောဂါကူးစက်မှုကို ကိုင်တွယ်ပုံက ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ဖို့ မူဝါဒ ခြေလှမ်းတွေ ဘယ်လို ရက်စက်တယ် ဆိုတာ ပြနေတယ်လို့လည်း သူက ပြောပါတယ်။ အာဏာပိုင်တွေအနေနဲ့ ဆေးရုံခုတင်တွေ၊ လူနာတွေကို ရောဂါခြေချုပ်နဲ့ သီးခြားခွဲထားမယ့် ဇုန်တွေ၊ ရောဂါပြင်းထန်သူတွေအတွက် အသက်ရှူစက်တွေကို ပြင်ဆင်ထားသင့်တယ်လို့လည်း သူက ပြောပါတယ်။ Covid-19 ဗိုင်းရပ်စ် စတင်ကူးစက်ရာ တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ်မှာ ကူးစက်ခံဦးရေမြင့်တက်နေပြီး တနိုင်ငံလုံးက တခြားနေရာတွေမှာ ကူးစက်ခံဦးရေဟာ လေးရက်ဆက်တိုက် ကျဆင်းနေတယ်လို့ တရုတ်အစိုးရက ဖေဖော်ဝါရီ ၂၅ ရက်မှာ အစီရင်ခံပါတယ်။ ဖေဖော်ဝါရီ ၂၄ တရက်တည်းမှာ ဟူဘေးပြည်နယ်အတွင်း ထပ်မံကူးစက်ခံရသူ ဦးရေ ၄၉၉ ယောက် ရှိပါတယ်။ အရင်နေ့က ထပ်မံကူးစက်ခံရသူ ဦးရေ ၃၉၈ယောက် ရှိခဲ့တယ်။ ထပ်မံကူးစက်ခံရသူ အများအပြားဟာ ဝူဟန်မြို့က ဖြစ်တယ်လို့ တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က ပြောပါတယ်။ ဟူဘေးပြည်နယ်အတွင်း ကူးစက်မှု ဟန့်တားထိန်းချုပ်ရေးကို ဆက်ပြီး အတင်းကျပ်ဆုံး ထားမယ်လို့လည်း ဖေဖော်ဝါရီ ၂၅ ရက်က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ပြောပါတယ်။ တရုတ်နိုင်ငံ ဝူဟန်မြို့က သားရိုင်းတိရစ္ဆာန်ဈေးကနေ စတင်ကူးစက်တယ်လို့ ယုံကြည်ထားတဲ့ ဗိုင်းရပ်စ်သစ်ဟာ ခုတော့ ကမ္ဘာ့နိုင်ငံနဲ့ ဒေသပေါင်း ၄၁ ခုထိ ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ခဲ့ပြီးပါပြီ။ ဖေဖော်ဝါရီ ၂၆ ရက် မွန်းတည့်ချိန်ထိ အတည်ပြုထားတဲ့ အချက်အလက်တွေအရ ကူးစက်ခံ ဦးရေ ၈၁၀၁၇ ယောက်ရှိပြီး ကူးစက်ခံ ၂၇၆၅ ယောက် သေဆုံးခဲ့ပြီးပါပြီ။ အီရန်၊ အီတလီနဲ့ တောင်ကိုရီးယားနိုင်ငံတွေမှာတော့ လတ်တလောမှာ ကူးစက်မှု တိုးနေပါတယ်။ ဥရောပမှာတော့ အီတလီနိုင်ငံမှာ ကူးစက်မှု ရုတ်တရက် မြင့်တက်နေပါတယ်။  နိုင်ငံမြောက်ပိုင်း လွန်မ်ဘာဒီနဲ့ ဗေနေတိုဒေသတွေကနေ စတင်ကူးစက်ခဲ့ပြီး အလယ်ပိုင်း တက်စ်ကာနီ၊ ကမ်းရိုးတန်းဒေသ လီဂူရီးယားနဲ့ တောင်ပိုင်းဒေသ စစ္စလီကျွန်းတို့မှာ ကူးစက်နေပါတယ်။  စပိန် ကုန်းမကြီးမှာ ပထမဆုံး ကူးစက်ခံကို အင်္ဂါနေ့က အစီရင်ခံထားပြီး ကာနာရီကျွန်းစုက ကြယ်လေးပွင့် ဟိုတယ်တခုမှာ ကူးစက်ခံ ဇနီးမောင်နှံနှစ်ဦး ကူးစက်ခံရလို့ အဲဒီဟိုတယ်ကို ပိတ်ချထားပါတယ်။ အီရန်ကနေ ပျံသန်းလာတဲ့ တူရကီလေကြောင်းလိုင်းက လေယာဉ်တစီးပေါ်မှာ ကူးစက်ခံ သံသယရှိသူ တယောက် ပါလာလို့ တူရကီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ တောင်းဆိုချက်အရ ခရီးစဉ်ကို အန်ကာရာလေဆိပ်ဆီ အင်္ဂါနေ့က လမ်းကြောင်းလွှဲ ဆင်းသက်ခဲ့ရပါတယ်။ လေယာဉ်တစီးလုံးက ခရီးသည်တွေမှာရော ဝန်ထမ်းတွေမှာပါ ကူးစက်ခံထားရတဲ့ သက်သေ မရှိဘူးလို့ တူရကီ ကျန်းမာရေးဝန်ကြီးက  ပြောပါတယ်။ အီရန်မှာ ကူးစက်ခံ သေဆုံးသူ ၁၆ ယောက်ထိ မြင့်တက်အပြီး နိုင်ငံသားတွေ အိမ်ထဲမှာပဲ နေကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၅ ရက်မှာ တိုက်တွန်းထားပါတယ်။ အီရန် ကျန်းမာရေး ဒုဝန်ကြီးနဲ့ လွှတ်တော်အမတ် တယောက် အပါအဝင် လူ ၉၅ ယောက် ကူးစက်ခံထားရပါတယ်။ အီရန်က ပြည်နယ်အများအပြားမှာ ကျောင်းတွေ၊ တက္ကသိုလ်တွေကို ပိတ်ထားပြီး တနိုင်ငံလုံးမှာ ဖျော်ဖြေပွဲတွေ ဘောလုံးပွဲတွေ အားလုံးကို ဖျက်သိမ်းထားပါတယ်။ ခရိုအေးရှားနိုင်ငံမှာလည်း ပထမဆုံး ကူးစက်ခံ လူနာကို မြို့တော်ဇာဂရက်မှာ ဆေးရုံတင် ကုသပေးနေတယ်လို့ ဝန်ကြီးချုပ်က အင်္ဂါနေ့မှာ ပြောပါတယ်။ ဒီလူနာဟာ မီလန်မြို့မှာ ဖေဖော်ဝါရီ တတိယပတ် တပတ်လုံး နေခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တိုက်ဖျက်ရေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အောက်လွှတ်တော်ဆီကနေ အမေရိကန် ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ တောင်းထားပါတယ်။   ဥရောပနဲ့ အရှေ့အလယ်ပိုင်းထိ ကူးစက်ပျံ့နှံ့လာတဲ့ ဗိုင်းရပ်စ်ကြောင့် ပူးတွဲ စစ်သင်တန်းတွေကို လျှော့ချဖို့ အမေရိကန်နဲ့ တောင်ကိုရီးယား စစ်တပ်တွေက စဉ်းစား နေကြပါတယ်။
1 year Ago
Up