ကူးစက်ခံ ၂၈၂၇၅ ယောက်

February 6, 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၅၆၅ ဦး ရှိပြီ

တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ကူးစက်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် ဖေဖော်ဝါရီ ၆ ရက် မနက် ၈ နာရီထိ စာရင်းအရ သေဆုံးသူ ၅၆၅‌ ယောက် ရှိသွားပါပြီ။ ကမ္ဘာတလွှား နိုင်ငံနဲ့ ဒေသပေါင်း ၂၈ ခုမှာ ကူးစက်ခံ ၂၈၂၇၅ ယောက် ရှိကြောင်း အတည်ပြု ထားပါတယ်။  ကူးစက်ခံတွေအတွက် ကုသဖို့ ဆေးနဲ့ကာကွယ်ဆေးတွေရဖို့ ကမ္ဘာ့ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းကြီး တဒါဇင်နီးပါးဟာ အပြိုင်အဆိုင် ကြိုးစားနေတာပါ။ အမေရိကန်နဲ့ တရုတ်က ကျန်းမာရေးအရာရှိတွေဟာ လာမယ့် လနည်းနည်းအတွင်း ကာကွယ်ဆေးကို လူနဲ့စမ်းသပ်နိုင်ဖို့ ရည်မှန်းချက်ကြီးတဲ့ ပန်းတိုင်တွေ ချမှတ်ခဲ့ကြပါတယ်။ အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ်အခြေစိုက် နိုဗာဗက်စ်ဆေးကုမ္ပဏီက ကာကွယ်ဆေးကို ရက် ၉၀ အတွင်း လက်တွေ့စမ်းသပ်နိုင်အောင် လုပ်နေတယ်၊ ကိုရိုနာဗိုင်းရပ်စ်အသစ်အတွက် အလားတူ လုပ်နိုင်တယ်လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။ ဗိုင်းရပ်စ်က အချိန်နဲ့အမျှ သန္ဓေပြောင်းခဲ့ရင်တောင် ဗိုင်းရပ်စ်ရဲ့ဗီဇထဲက ကိုယ်ခံအား တုံ့ပြန်မှုကို ချိုးဖျက်တဲ့ ပရိုတိန်းကာကွယ်ဆေးကို ဖန်တီးဖို့ နိုဗာဗက်စ်ရဲ့နည်းပညာက ရည်မှန်း ထားတယ်လို့ သုတေသနမှူး ဂရီဂိုရီ ဂလဲန်းက ပြောပါတယ်။  “ဗိုင်းရပ်စ်သန္ဓေပြောင်းတဲ့ တိုင်အောင် ကျယ်ကျယ်ပြန့်ပြန့် တုံ့ပြန်နိုင်တဲ့ ကာကွယ်ဆေးကို ရဖို့ အင်မတန် အရေးကြီးတယ်။ ဒါမှ သန္ဓေပြောင်းတာတွေက ကာကွယ်ဆေးရဲ့ အာနိသင် ထိရောက်မှုကို မပြောင်းနိုင်မှာ” လို့ သူက ဆက်ပြောပါတယ်။  တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ဒီဇင်ဘာလက စတင်ပေါ်ထွက်ခဲ့တဲ့ ဗိုင်းရပ်စ်သစ်ဟာ နေ့တိုင်း ထောင်နဲ့ချီတဲ့ လူတွေကို အသစ်ကူးစက်နေတာပါ။  နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးဗီဇကုတ်ကို သိထားတဲ့ အချက်အလက်တွေကို အခြေခံပြီး စံချိန်တင်အချိန်အတွင်း ကာကွယ်ဆေးကို ဖန်တီးဖို့ နာဗာဗက်စ်နဲ့ မိုဒါနာဆေးကုမ္ပဏီကြီးတွေက ကာကွယ်ဆေးနည်းပညာသစ်တွေကို ချမှတ်တီထွင်ခဲ့ပါတယ်။  အဆင်သင့်ရှိနေတဲ့ မျိုးဗီဇကုတ်နဲ့အတူ သိပ္ပံပညာရှင်တွေဟာ ဗိုင်းရပ်စ် နမူနာမလိုအပ်ဘဲ ကာကွယ်ဆေးကို စပြီး တီထွင်နိုင်ပါတယ်။  ဗိုင်းရပ်စ်ရဲ့ဗီဇကွင်းဆက်ကို သိပ္ပံပညာရှင်တွေက ဆုံးဖြတ်ပြီးတာနဲ့ ၂ လခွဲကနေ ၃လ အချိန်အတွင်းမှာ ကာကွယ်ဆေးတွေကို ဘေးကင်းကင်း စမ်းသပ်နိုင်ရေး အသင့်ဖြစ်အောင် လုပ်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ အမေရိကန်အမျိုးသားဓာတ်မတည့်မှုနဲ့ကူးစက်ရောဂါဌာန ညွှန်မှူး အန်ထော်နီ ဖောင်စီက ပြောပါတယ်။
1 year Ago
Up