ကူးစက်ခံရသူ အများဆုံး

October 16, 2020

အာဆီယံဒေသတွင်း အင်ဒိုနီးရှားက ဖိလစ်ပိုင်ကိုကျော်ပြီး ကိုဗစ်-၁၉ ကူးစက်ခံရသူ အများဆုံး ဖြစ်လာ

အာဆီယံနိုင်ငံတွေထဲမှာ အင်ဒိုနီးရှားနိုင်ငံက ဖိလစ်ပိုင်နိုင်ငံကို ကျော်လွန်ပြီး ဒေသတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု အမြင့်ဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ဒီကနေ့အထိ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ အရေအတွက် ၁၂,၃၄၁ ယောက်နဲ့ အများဆုံးဖြစ်နေခဲ့ပြီး ကူးစက်ခံရသူဦးရေ ၃၅၃,၄၆၁ ယောက်နဲ့ ဖိလစ်ပိုင်နိုင်ငံထက် ရောဂါကူးစက်ခံရသူ အရေအတွက် ကျော်လွန်လာခဲ့တာ ဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၃၅၁,၇၅၀ ယောက်နဲ့ သေဆုံးသူ ၆,၅၃၁ ယောက် ရှိပြီ ဖြစ်ပါတယ်။ စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၅၇,၉၀၁ ယောက်နဲ့ သေဆုံးသူ ၂၈ ယောက် ရှိနေတာပါ။ လတ်တလော ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံကတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၃၂,၃၅၁ ယောက်၊ သေဆုံးသူ ၇၆၅ ယောက်နဲ့ အာဆီယံနိုင်ငံတွေ ထဲမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုအများဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေခဲ့ပြီ ဖြစ်ပါတယ်။ မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက် ၁၈,၁၂၉ ယောက်နဲ့ သေဆုံးသူ ၁၇၀ ယောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက် ၃,၆၆၉ ယောက်နဲ့ ခုရက်ပိုင်းအတွင်း သေဆုံးသူ ထပ်တိုးမလာဘဲ ၅၉ ယောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁,၁၂၄ ယောက်နဲ့ သေဆုံးသူ ၃၅ ယောက် ရှိနေပြီး ဘရူနိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၁၄၇ ယောက်နဲ့ သေဆုံးသူ ၃ ယောက် ရှိနေတာပါ။ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေ အတွက် ထပ်တိုးလာတာမျိုးမရှိပဲ ရောဂါကူးစက်ခံရသူအရေအတွက် ၂၈၃ ယောက်နဲ့ ၂၃ ယောက် အသီးသီးရှိနေပေမယ့် သေဆုံးလူနာ ခုချိန်ထိ မရှိသေးပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကုန်ပိုင်းမှာ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့က စတင်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုဟာ ကမ္ဘာ့နိုင်ငံတွေအနှံ့ ကပ်ရောဂါတခုအသွင် လျင်လျင်မြန်မြန်ပဲ ကူးစက်ပျံ့နှံ့နေခဲ့တာပါ။ မြန်မာနိုင်ငံမှာတော့ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကို ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့မှာ စတင်တွေ့ရှိခဲ့ပြီး ပြီးခဲ့တဲ့လက ရခိုင်ပြည်နယ်က တကျော့ပြန်ကူး စက်မှုတွေ ရှိလာခဲ့အပြီးမှာတော့ ရောဂါကူးစက်ခံရသူအရေအတွက်ဟာ သိသိသာသာ မြင့်တက်လာခဲ့ပြီး သေဆုံးသူအရေအတွက်လည်း မြင့်တက်နေပါတယ်။ တကမ္ဘာလုံးမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအတွက်ဟာ လက်ရှိ အချိန်ထိ ၃၉ သန်းကျော်ရှိလာခဲ့ပြီး သေဆုံးသူအရေအတွက်ဟာလည်း ၁ ဒသမ ၁ သန်း ကျော်ရှိပြီလို့ Worldometers ဝက်ဆိုက်မှာ ဖော်ပြပါတယ်။ ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၈ သန်းကျော်နဲ့ သေဆုံးသူ ၂၂၂,၇၂၇ ယောက်၊ အိန္ဒိယနိုင်ငံက ကူးစက်ခံရသူ ၇ ဒသမ ၃ သန်းကျော်နဲ့ သေဆုံးသူ ၁၁၂,၂၁၄ ယောက်၊ ဘရာဇီးနိုင်ငံက ကူးစက်ခံရသူ ၅ ဒသမ ၁ သန်းကျော်နဲ့ သေဆုံးသူ ၁၅၂,၅၁၃ ယောက်နဲ့ ထိပ်ဆုံး ၃ နိုင်ငံအနေနဲ့ ရှိနေတာပါ။ ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၈၅,၆၄၆ ယောက်၊  စုစုပေါင်း သေဆုံးသူ ၄,၆၃၄ ယောက်နဲ့ နိုင်ငံအလိုက် အမှတ်စဉ် ၅၂ နေရာထိ ကျဆင်းသွားခဲ့ပြီ ဖြစ်ပါတယ်။
7 months Ago
Up