အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေ မြင့်တက်လာပေမယ့် ကမ္ဘာလှည့် ခရီးသွားတွေကို ဆွဲဆောင်ရာနေရာတခုဖြစ်တဲ့ တာ့ဂျ်မဟာကို ပြန်လည်ဖွင့်လှစ်သွားဖို့ ရှိနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့က စတင်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုဟာ တကမ္ဘာလုံး ကပ်ရောဂါအသွင်ဖြစ်လာခဲ့ပြီး လူဦးရေ ၁ ဒသမ ၃ ဘီလီယံ နေထိုင်တဲ့ အိန္ဒိယနိုင်ငံမှာ လတ်တလော အချိန်ထိ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၄ ဒသမ ၂ သန်း ရှိလာပါတယ်။
ဒီအရေအတွက်ဟာ ရောဂါကူးစက်ခံရမှု အမြင့်ဆုံးနိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံရဲ့ နောက်မှာ ရှိနေတဲ့ ဘရာဇီးနိုင်ငံကို ဖြတ်ကျော်ကာ ကူးစက်မှုအမြင့်ဆုံး ဒုတိယနိုင်ငံတနိုင်ငံ ဖြစ်လာခဲ့တာပါ။
လတ်တလောမှာတော့ ခုလိုကူးစက်မှုမြင့်တက်နေပေမယ့် ကိုဗစ်ကြောင့် အချိန် ၆ လကျော်ကြာ ပိတ်ထားခဲ့ရတဲ့ တာ့ဂျ်မဟာကို ပြန်လည်ဖွင့်လှစ်သွားမယ်လို့ ဆိုပါတယ်။
အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တရာပရာဒေ့ရှ်ပြည်နယ်၊ ခရီးသွားလုပ်ငန်းဌာန လက်ထောက်ညွှန်ကြားရေးမှူး အာမစ် ဆရီဗက်စ်တာဗာက “တာ့ဂျ်မဟာကို စက်တင်ဘာလ ၂၁ ရက်နေ့မှာ ပြန်ဖွင့်သွားပါမယ်။ ကိုဗစ်-၁၉ ကူးစက်ရောဂါဆိုင်ရာ စည်းမျဉ်းစည်းကမ်းနဲ့ လိုက်နာရမယ့် အချက်တွေ၊ လူစုလူဝေး ကန့်သတ်မှုတွေ၊ နှာခေါင်းစည်း Mask တပ်ဆင်ရမှာတွေ စတဲ့ အချက်တွေနဲ့ လိုက်နာဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”လို့ ပြော ပါတယ်။
လာရောက်လည်ပတ်ကြမယ့် ခရီးသွားဧည့်သည်အရေအတွက်ကိုတော့ တရက်ကို ၅,၀၀၀ လို့ သတ်မှတ်ထားပြီး ပုံမှန်ဆိုရင်တော့ ပျမ်းမျှလူဦးရေ ၂၀၀၀၀ လောက် လာရောက်လည်ပတ်လေ့ရှိတယ်လို့ ဆိုပါတယ်။
ကမ္ဘာ့အံ့ဖွယ်နေရာ ၇ ခုထဲမှာ ပါဝင်တဲ့ တာ့ဂျ်မဟာ တည်ရှိရာ အာဂရာမြို့ပါဝင်တဲ့ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်မှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၇၀,၀၀၀ ကျော်ရှိခဲ့ပြီး ရောဂါကူးစက်မှုအဆိုးဝါးဆုံးပြည်နယ်တွေထဲက တခုအပါအဝင် ဖြစ်ပါတယ်။
6 months Ago