ကူးစက်ကာလ

March 26, 2020

ကိုဗစ်-၁၉ ကူးစက်ကာလ ထိုင်းနိုင်ငံ အရေးပေါ်ကြေညာချက် ရှောင်ရန် ဆောင်ရန် 

လတ်တလောကမ္ဘာမှာ ပြင်းထန်အဆုတ်ရောင် ကိုဗစ်-၁၉ ရောဂါပိုးတွေ ပျံ့နှံ့နေပြီး မြန်မာ့အိမ်နီးချင်း  ထိုင်းနိုင်ငံမှာလည်း ပိုးကူးစက်ခံထားရသူတွေ တနေ့ကို ၁၀၀ ကျော်နှုန်းရှိကာ မတ် ၂၆ ရက်နေ့ ထုတ်ပြန်ချက်အရ ရောဂါပိုးရှိသူပေါင်း ၁၀၄၅ ဦး သေဆုံးသူ ၄ ဦး ရှိသွားပြီ ဖြစ်ပါတယ် ။  ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု ဟန့်တားချုပ်ထိန်းနိုင်ဖို့  ထိုင်းအစိုးရက နည်းလမ်းပေါင်းစုံ ရှာဖွေဆောင်ရွက်နေရာမှာ ၂၀၂၀ မတ်လ ၂၆ ရက်ကနေ ဧပြီလ ၃၀ ရက်နေ့ထိ ကာလကို အရေးပေါ်ကာလအဖြစ် ကြေညာလိုက်ကြောင်း ထိုင်းဝန်ကြီးချုပ် ပရယုဒ်ကျန်အိုးချားက မတ်လ ၂၅ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ အဆိုပါ ထုတ်ပြန်ချက်တွေထဲက ရှောင်ရန် ဆောင်ရန် အချက်တွေကို ကောက်နုတ်တင်ပြလိုက်ပါတယ်။  ၁) ဒီအရေးပေါ်ထုတ်ပြန်ချက်ဟာ ထိုင်းတနိုင်ငံလုံးနဲ့ အကျုံးဝင်တယ်။၊ ၂) အရေးပေါ်ကာလ ၂၀၂၀ မတ်လ ၂၆ မှ ဧပြီလ ၃၀ ရက်နေ့ထိ ဖြစ်တယ်။ ၃)  သက်ဆိုင်ရာခရိုင်ဝန်မှ မိမိခရိုင်တွင်းရှိ ကူးစက်အန္တရာယ်မကင်းသော အားကစား ကွင်းများ၊ အပျော်အပါးနေရာများကို မပိတ်ရသေးပါက ပိတ်သိမ်းဖို့ ညွှန်ကြားရန်။ ၄) သက်ဆိုင်ရာခရိုင်ဝန်မှ အများပြည်သူ လည်ပတ်လေ့ရှိသည့် သဘာဝဥယျာဉ်များ၊ သာသနာ့နယ်မြေများအား လိုက်လျောညီထွေမှုရှိမရှိ သုံးသပ်ပြီး ပိတ်သိမ်းဖို့ ညွှန်ကြားရန်။  ၅) ထိုင်းနိုင်ငံအား မပိတ်သေးပါ၊ လေယာဉ်ကွင်းမပိတ်သေးပါ၊ သို့သော် အောက်ပါ အုပ်စုဝင်သူများမှလွဲ၍ ခရီးသည်များအား ဝင်ရောက်ခွင့်မပြု (ဆေးထောက်ခံစာရှိ ထိုင်းလူမျိုးနှင့် သံရုံးတာဝန်ရှိသူများ၊ ဆိုက်ရောက်ပြီး အမြန်ပြန်ထွက်သည့် ကုန်ပစ္စည်းပို့ဆောင်သူများ၊ အချိန်နှင့် ဝင်ရောက်သည့် လေယာဉ်ဝန်ထမ်းများ၊ ဝန်ကြီးချုပ်ခွင့်ပြုချက်ရသူများ၊ သို့မဟုတ် တာဝန်ခံ ခေါင်းဆောင်များ)  ၆) လူစုလူဝေး မပြုလုပ်ရ။ ၇) ကိုဗစ်-၁၉ နှင့်ပတ်သက်သည့် မဟုတ်မမှန်သတင်းတုများ ရေးသားဖြန့်ဝေခြင်းမလုပ်ရ၊ အစိုးရပေါ် ချီးကျူး-ဝေဖန်မှုများကိုတော့ ရေးသားနိုင်ပါသည်။  ၈) အစိုးရဌာနဆိုင်ရာများအနေနှင့် ကွင်းပြင်ဆေးရုံ၊ ခုတင်၊ ဆေးဝါး၊ ကုသရေးပစ္စည်းနှင့် အငြိမ်းစားယူထားသော ဆရာဝန်ကြီးများစာရင်းကို ကောက်ခံထားရန်။ ၉) ပြည်သူများ မိမိနေအိမ်တွင်သာ နေထိုင်ပါ၊ အပြင်မထွက်ပါနှင့်၊ သို့သော် ကာဖျူးအမိန့် မကြေညာသေး။  ၁၀) အောက်ပါ ၃ အုပ်စုဝင်သူများ (အသက် ၇၀ ကျော် အဘိုး အဘွားများ၊ ဆီးချို/ သွေးတိုး စသည့် ရောဂါရှိသူများ/အသက် ၅ နှစ်အောက်ကလေးများ) သည် နေအိမ်ထဲတွင်သာ နေထိုင်ပါ။  ဆေးရုံသွားရန်၊ ရဲစခန်းတွင် တိုင်ချက်ဖွင့်ရန်၊ တရားရုံးသွားရန် လိုအပ်သည့်ကိစ္စမှလွဲ၍)  ၁၁) ထိုင်းနိုင်ငံ မပိတ်သေးပါ။ သို့သော် ခရီးသွားလာမှု တင်းကျပ်မည်၊ ကားထဲတွင် ထိုင်ခုံလွတ် ၁ နေရာထားရန်၊ နိုင်ငံသားမှတ်ပုံတင်ဆောင်ထားရန်၊ မိမိအား လိုက်လံရှာဖွေနိုင်သည့် အပလီကေးရှင်းပေးဖို့ သဘောတူရန်၊ အဖျားတိုင်းတာခြင်းလက်ခံရန်၊ မျက်နှာ/နှာခေါင်းစည်းများ တပ်ထားရန် ၊ အပူချိန်မြင့်နေပါက သီးခြားနေရန် ခေါ်ထားခြင်း ခံရမည်။  ၁၂) အစားအသောက်များ ပုံမှန်ရောင်းဝယ်နိုင်သည်၊ သို့သော် ဆိုင်တွင် ထိုင်စားခွင့်မပြု၊ ပါဆယ်ထုပ် ပြန်ရမည်။  ၁၃) အရေးပေါ်အခြေအနေကို အခွင့်အရေးယူပြီး ကုန်ဈေးနှုန်းတိုးမြှင့်ခြင်း၊ ကုန်ပစ္စည်းများ သိုလှောင်ထားခြင်း မပြုရ၊  အများပြည်သူနေရာ ဥပမာ ဓာတ်လှေကားတွင် တံတွေး ထွေးခြင်း ဆွတ်ခြင်း မပြုလုပ်ရ၊ ဥပဒေအရ ပြတ်သားစွာ အရေးယူမည်။  ၁၄) အစိုးရအနေနှင့် အောက်ဖော်ပြပါနေရာများအား ဖွင့်လှစ်ခြင်းကို ထောက်ခံအားပေးသည်။  - စက်ရုံအလုပ်ရုံများ/ ဘဏ်တိုက်များ/ အေတီအဲမ်စက်များ/ ပါဆယ်ထုပ် စားသောက်ဆိုင်များ/ ကုန်တိုက်များ သို့သော် နေ့စဉ်ဘဝတွင် မရှိမဖြစ် အသုံးပြုရမည့် ပစ္စည်းများ ဆေးဝါးနှင့် အစားအစာသာ ရောင်းချရန်။ /ကုန်ပစ္စည်း သယ်ယူပို့ဆောင်ခြင်း/ စတော့ဈေးကွက်များ / ဘဏ္ဍာရေးဌာန / အစိုးရဌာနဆိုင်ရာများ / ရဲဌာနများ / ဆေးရုံများ / ဆေးဆိုင်များနှင့် အွန်လိုင်းမှ အစားအသောက် ဝယ်ယူခြင်း  - စတဲ့အချက်တွေပဲ ဖြစ်ပါတယ်။  ထုတ်ပြန်ထားတဲ့အတိုင်း လိုက်နာခြင်းမရှိဘူးဆိုရင် အရေးပေါ်ပြဋ္ဌာန်းတဲ့ ဥပဒေနဲ့အညီ အရေးယူ အပြစ်ပေးခံရမယ်လို့ ထိုင်းဝန်ကြီးချုပ်က ကြေညာချက်ထဲ ထည့်ပြောသွားပါတယ်။ 
2 years Ago
Up