ကူးစက်ရောဂါ

September 1, 2016

နာဂဒေသတွင် ကူးစက်ရောဂါနှင့် အာဟာရချို့တဲ့မှုကြောင့် ကလေးငယ် ၉၀ သေဆုံး

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ကူးစက်ရောဂါနဲ့ အဟာရချို့တဲ့မှုတွေကြောင့် ဇွန်လ ကစပြီး ၁ နှစ်မှ ၁၂ နှစ်ကြား ကလေးငယ် အယောက် ၉၀ သေဆုံးခဲ့ပါတယ်။ လဟယ်မြို့နယ်အတွင်းက ကျေးရွာ ၃ ရွာမှာ စုစုပေါင်း ၂၈ ဦးသေဆုံးခဲ့ပြီး ထန်ခေါ်လားမားကျေးရွာမှာတော့ ၂၅ ဦးသေဆုံးခဲ့ပါတယ်။ နန်းယွန်းမြို့နယ် ဒုံဟီးမြို့အတွင်းက ကျေးရွာတွေမှာတော့ ၂၆ ဦးသေဆုံးခဲ့ပြီး ကဲဆန်ဆာလင် ကျေးရွာနဲ့ ကဲဆန်ကားလန်ကျေးရွာ တွေကတော့ ၁၁ ဦးစီ သေဆုံးခဲ့ပါတယ်။ ရောဂါဖြစ်စဉ်အတည်ပြုနိုင်ဖို့အတွက် လူနာ ၅ ဦးရဲ့ သွေးနမူနာယူပြီး ရန်​ကုန်​မြို့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနကို ပေးပို့စစ်ဆေးခဲ့ရာမှာ လူနာ ၃ ဦး ထံကနေ ဝက်သက်ရောဂါကပ်အသွင် ဖြစ်ပွားခဲ့ကြောင်း သြဂုတ်​လ ၈ ရက်နေ့မှာ အတည်ပြုခဲ့တယ်လို့ သိရပါတယ်။ အခုချိန်မှာ ကျန်းမာရေးဦးစီးဌာနက ရောဂါဖြစ်ပွားရာဒေသတွေနဲ့ ကျန်ဒေသတွေကို ကာကွယ်ဆေးတွေ လိုက်လံထိုးပေးနေပါတယ်။
5 years Ago

August 12, 2016

နာဂဒေသကူးစက်ရောဂါအတွက် စစ်ကိုင်းတိုင်းလွှတ်တော် တနေ့စာ လှူဒါန်း

စစ်ကိုင်းဒေသကြီးရဲ့ လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၉၈ ဦးရဲ့ တရက်တာ နေ့တွက်စရိတ်တွေကို နာဂဒေသ ကူးစက်ရောဂါအတွက် ဒီကနေ့ လှူဒါန်းလိုက်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တဦးရဲ့ နေ့တွက်စရိတ် တဦး ကျပ် ၂၀,၀၀၀ ပေါင်း ၁,၉၆၀,၀၀၀ ကို နာဂဒေသဆီ လှူဒါန်းလိုက်တာလို့ လေရှီးမြို့နယ် တိုင်းဒေသကြီး ၁ လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ် နာဂတ်ဒေသရဲ့ လူမှုရေးတာဝန်ခံလည်းဖြစ်တဲ့ ဦးကာစီရန်းက ပြောပါတယ်။ “လွှတ်တော်ကိုယ်စားလှယ် ၉၈ ယောက်က ၂ သောင်းစီပေါ့။ ဒီလှူဒါန်းကို ကျနော်တို့ ဦးစီးအဖွဲ့တွေရဲ့ ဆုံးဖြတ်ချက်တွေနဲ့အညီ လိုအပ်နေတဲ့ဒေသကို တကယ်ရောက်အောင်ကူညီပေး ရမှာပေါ့။” နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဇွန်လလယ်ကနေ အခုချိန်ထိ ကူးစက်ရောဂါကြောင့် လူ ၄၁ ဦးသေဆုံးခဲ့ရပြီး အစိုးရကိုတော့ ရောဂါထိန်းချုပ်နိုင်ရေး ကြိုးစားလုပ်ဆောင်နေပါတယ်။
5 years Ago
Up