ကူလီဘာလေ

July 12, 2020

အပြောင်းအရွှေ့ကိစ္စများကို နာပိုလီနောက်ခံလူ ကူလီဘာလေ ပယ်ချ

လီဗာပူး၊ မန်စီးတီး အပါအဝင် ဥရောပထိပ်သီးအသင်းတွေနဲ့ မကြာခဏ သတင်းထွက်ပေါ်လေ့ရှိနေတဲ့ နောက်ခံလူ ကာလီဒူ ကူလီဘာလေက လာမယ့်နွေရာသီမှာ နာပိုလီအသင်းကနေ ထွက်ခွာတော့မယ်ဆိုတဲ့ ခန့်မှန်းချက်တွေကို ပယ်ချလိုက်ပါတယ်။ ကူလီဘာလေဟာ နာပိုလီကို ၂၀၁၄ ခုနှစ်မှာ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး အဲဒီအချိန်ကတည်းက အသင်းရဲ့နောက်တန်းမှာ အဓိကကစားသမားအဖြစ် ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။  အသက် ၂၉ နှစ်အရွယ် နောက်ခံလူဟာ နာပိုလီအသင်းအတွက် ပြိုင်ပွဲစုံ ၂၃၉ ပွဲကစားထားသူဖြစ်ပြီးတော့ ဥရောပရဲ့ အကောင်းဆုံး နောက်ခံလူတွေထဲက တဦးအဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။ ဒါ့ကြောင့် သူ့ကို စိတ်ဝင်စားနေတဲ့အသင်းတွေထဲမှာ ပီအက်စ်ဂျီနဲ့ ဘာစီလိုနာအသင်းတွေတောင် ပါဝင်နေပြီး အသက်  ၂၉ နှစ်အရွယ် ဆီနီဂေါလက်ရွေးစင်ဟာ ဒီနွေရာသီမှာ စိန်ခေါ်မှုအသစ်တွေအတွက် နာပိုလီကနေ ထွက်ခွာဖွယ်ရှိတယ်လို့ သုံးသပ်နေကြတာပါ။ ဒီသတင်းတွေနဲ့ပတ်သက်ပြီး မကြာသေးခင်က ကူလီဘာလီက “ဘောလုံးအားကစားမှာ ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ ဒါပေမဲ့ ကျနော့်ဘက်ကတော့ အပြောင်းအရွှေ့အတွက် တစ်ခါမှ မပြောဆိုခဲ့ဖူးပါဘူး။ ကျနော့်အနာဂတ်နဲ့ပတ်သက်ပြီး ရေးသား ပြောဆိုနေကြတာတွေကိုလည်း မြင်တွေ့နေရပါတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ ကျနော်ဟာ ဘောလုံးကစားဖို့ကိုသာ တွေးနေပြီး နာပိုလီအသင်းအတွက် ၁၀၀ ရာခိုင်နှုန်း အာရုံစိုက်ထားပါတယ်။ ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး နာပိုလီဥက္ကဋ္ဌရဲ့ ဆုံးဖြတ်ချက်ကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။ သူကသာ ကျနော့်ကို သက်တမ်းတိုးချင်တယ်ဆိုရင် ကျနော့်ကစားသမားဘဝဟာ ဒီအသင်းမှာပဲ ကုန်ဆုံးသွားရဖို့ ရှိပါတယ်” လို့ Gazzetta dello Sport သတင်းကို ပြောပါတယ်။
2 years Ago

February 23, 2020

မန်ယူအသင်း အမှတ်ပေးဇယားကို စိန်ခေါ်ရန် ကစားသမား ၃ ဦး ထပ်ဖြည့်ရမည်ဟု ဆားဗေ့ပြော

နောက်ထပ် ကစားသမား ၃ ဦး ထပ်မံခေါ်ယူအားဖြည့်လိုက်ရုံနဲ့ ယူနိုက်တက်အသင်းဟာ မန်စီတီး၊ လီဗာပူးတို့နဲ့အပြိုင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်လိမ့်မယ်လို့ ယူနိုက်တက်အကယ်ဒမီထွက် ကစားသမားဟောင်း ရော်ဘီဆားဗေ့ချ်က ယုံကြည်နေပါတယ်။  ဒီရာသီအဖွင့်ရလဒ်တွေ ဆိုးရွားနေတာကြောင့် ယူနိုက်တက်အသင်းဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၇ နေရာကို ရောက်ရှိနေပေမယ့် အသင်းဘက်က နည်းပြ ဆိုးလ်ရှားကို ယုံကြည်နေဆဲဖြစ်ပြီးတော့ ဆိုးလ်ရှားဟာလည်း ရာသီကုန်ချိန်မှာ လူသစ်ခေါ်မှုယူတွေ ထပ်မံဆောင်ရွက်ဦးမယ်လို့ ယုံကြည်ရပါတယ်။  ဘရူနိုဖာနန်ဒက်စ်နဲ့ အီဂါလိုတို့ကို ခေါ်ယူထားပေမယ့် အသင်းကို ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်တဲ့ အနေအထားကို ရောက်ရှိဖို့ လူသစ်တွေလိုအပ်နေဆဲလို့ ယူနိုက်တက်အသင်း တာဝန်ရှိသူတွေက သတ်မှတ်ထားပြီးတော့ လူသစ် ခေါ် ယူဖို့အတွက် ဆိုးလ်ရှားကို ပေါင်သန်း ၂၅၀ ထုတ်ပေးထားတယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။  ပြီးခဲ့တဲ့လတွေတုန်းက ယူနိုက်တက်က စိတ်ဝင်စားနေတယ်ဆိုတဲ့ ကစားသမားတွေ များစွာ ထွက်ပေါ်လာခဲ့ပေမယ့် ဆားဗေ့ချ်ကတော့ ယူနိုက်တက်အတွက် တကယ်လိုအပ်မယ့် ကစားသမား ၃ ဦး စာရင်းကို ထုတ်ဖော်ပြောခဲ့ပါတယ်။  “တကယ်လို့ ဆိုးလ်ရှားသာ ပေါင်သန်း ၂၅၀ ရရှိခဲ့ပြီး နောက်တန်းအတွက် ကူလီဘာလေ၊ ကွင်းလယ်အတွက် ဂရီးလစ်ရှ်နဲ့ တိုက်စစ်မှာ ဆန်ချိုကိုသာ အားဖြည့်လိုက်မယ် ဆိုရင် သူတို့ဟာ နောက်ရာသီမှာ ချန်ပီယံဆုကို ကျိန်းသေပေါက် စိန်ခေါ်လာနိုင်မှာ ဖြစ်ပါတယ်” လို့ ဆားဗေ့ချ်က ပြောပါတယ်။ ဒီလိုမျိုး ကစားသမားကောင်းတွေကို ခေါ်ယူနိုင်ဖို့အတွက် ယူနိုက်တက်အနေနဲ့ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိဖို့ လိုအပ်တယ်လို့လည်း ဆားဗေ့ချ်က ထောက်ပြပါတယ်။  “ခင်ဗျားအနေနဲ့ ကျနော် ပြောတာကို သဘောမတူဘူးဆိုရင်တောင် ဒီရာသီမှာ ယူနိုက်တက်ဟာ ချဲလ်ဆီးအသင်းကို သုံးကြိမ် အနိုင်ရခဲ့ပြီး မန်စီးတီးကို နှစ်ကြိမ် အလဲထိုးထားပါတယ်။ သူတို့ဟာ စပါးအသင်းကို ချေမှုန်းထားပြီး လီဗာပူးအသင်းဆီကနေ အမှတ်ခွဲယူနိုင်ခဲ့တဲ့ တခုတည်းသော ပရီးမီးယားလိဂ်အသင်းဆိုတာကို သတိပြုသင့်ပါတယ်” လို့ ဆက်လက်ပြောဆိုခဲ့ပါတယ်။  ယူနိုက်တက်အသင်းဟာ ဇယားအောက်ဆုံးက အသင်းတွေကို အနိုင်ရရှိခဲ့ပြီး ရသင့်ရထိုက်တဲ့ အမှတ်တွေကို စုဆောင်းနိုင်ခဲ့မယ်ဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့်ကို စိန်ခေါ်နိုင်တဲ့ အနေအထားမှာ ရှိနေမယ်လို့ ဆိုပါတယ်။ “ကျနော့်အနေနဲ့ပြောရရင် ဆိုးလ်ရှားဟာ ထိပ်ဆုံး ၄ သင်းအနေနဲ့ အမှတ်ပေးဇယားကို အဆုံးသတ်နိုင်ချေရှိနေပြီးတော့ အက်ဖ်အေဖလားကို ဆွတ်ခူးနိုင်ကာ ယူရိုပါလိဂ်မှာ ရလဒ်ကောင်းတခု ဖော်ဆောင်နိုင်ခဲ့မယ်ဆိုရင် သူတို့အသင်းဟာ ဒီရာသီပြီးဆုံးချိန်မှာ ကောင်းမွန်တဲ့ အပြောင်းအရွှေ့ ရာသီတခုကို ပိုင်ဆိုင်နိုင်မယ်” လို့လည်း ဆားဗေ့ချ်က သုံးသပ်သွားခဲ့ပါတယ်။
2 years Ago
Up