ကူညီထောက်ပံ့

December 9, 2017

အဓမ္မပြုကျင့်ခံရသည့် မိန်းကလေးအား ကျောက်ထုတ်လုပ်ငန်းရှင်များအသင်းမှ ကူညီထောက်ပံ့

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မိုးနှိုင်းရပ်ကွက်၊ စွယ်တော်ပိုင်းရှိ မဟာအောင်ပွင့်ကောင်း ကျောက်ထုတ်လုပ် ရောင်းဝယ်ရေးလုပ်ငန်းမှာ အလိုမတူဘဲ အဓမ္မပြုကျင့်ခံရတဲ့ မိန်းကလေးငယ်အတွက် ကျောက်ထုတ်လုပ်ငန်းရှင်းများအသင်းက ငွေကျပ် ၈ သိန်း ကူညီထောက်ပံ့ခဲ့ပါတယ်။ နိုဝင်ဘာလ ၂၄ ရက်နေ့က ကျောက်မိုင်းလုပ်သား မိန်းကလေးငယ်တဦးကို ကျောက်စက်မောင်းသူ သန်းဇော်(ခ)ဖိုးလုံး ၃၁ နှစ်က အလိုမတူဘဲ အဓမ္မပြုခဲ့တာပါ။ မြန်မာနိုင်ငံဆောက်လုပ် ရေးလုပ်ငန်းသုံး ခွဲကျောက်ထုတ်လုပ်ရောင်းချသူ လုပ်ငန်းရှင်များ အသင်းချုပ် (MQPSA) နဲ့ မွန်ပြည်နယ်(ပေါင်းအားမာန်)ကျောက်ထုတ်လုပ်ငန်းရှင်များ ကုန်ထုတ်သမ၀ါယမအသင်း လီမိတက်တို့က လူမှုရေးကူညီထောက်ပံ့ငွေကျပ် ၈ သိန်းကို ဒီဇင်ဘာ ၈ ရက်နေ့၊ မွန်းလွဲပိုင်းက မိုးနိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ လာရောက်ပေးအပ်ခဲ့ကြတယ်လို့ သိရပါတယ်။ ပြစ်မှုကျူးလွန်ခဲ့သူမှာ ကျနော်တို့နဲ့သက်ဆိုင်ခြင်းမရှိ၍ ဥပဒေရဲ့အဆုံးအမကို ခံယူရမည်ဖြစ်ကာ ကလေးရဲ့မိသားစုနဲ့ ကလေးရဲ့အပေါ်မှာလည်း သားသမီးချင်း၊ ညီမချင်း၊ တူမချင်းကိုယ်ချင်းစာပြီးတော့ လူမှုရေးကူညီရေးငွေ လာရောက်ထောက်ပံ့ရခြင်းဖြစ်ကြောင်း စုပေါင်းအားမာန် ကျောက်ထုတ်လုပ်ငန်းရှင်များ ကုန်ထုတ်သမ၀ါယမ အသင်းလီမိတက် ဥက္ကဋ္ဌ ဦးခင်မောင်ကျော်က အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းသုံး ခွဲကျောက်ထုတ်လုပ်ရောင်းချသူ လုပ်ငန်းရှင်များ အသင်းချုပ်(MQPSA) ၏ ဘဏ္ဍာရေးမှူး ဒေါ်လဲ့လဲ့မွန်ထွန်းက “ကလေးလေးရဲ့ သတင်းကို အန်တီတို့က လူမှုကွန်ရက် စာမျက်နှာမှာ ဖတ်လိုက်ရကတည်းက ဒီမိသားစုက ဒုက္ခရောက်နေတယ်။ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ကတည်းက ကလေးမလေးရော ကျောက်မိုင်းပိုင်ရှင်တွေရော နစ်နာတာပါ။ တရားခံကတော့ သူ့ဟာသူ တရားဥပဒေရဲ့ အပြစ် ပေးတာကို ခံယူလိမ့်မယ်။ လက်ရှိဒီကလေးတရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့အချိန် အကြပ်အတည်းဖြစ်မှာစိုးလို့ ကူညီချင်တာကြောင့် ခုလိုကူညီထောက်ပံ့ရတာပါ။ တခြားဘာရည်ရွယ်ချက်မှ မရှိပါဘူး” လို့ ပြောပါတယ်။ ကျောက်စက်မောင်းသူ သန်းဇော်(ခ)ဖိုးလုံး ၃၁ နှစ်ကို အလိုမတူဘဲ သားမယားပြုကျင့်မှုနဲ့ ပေါင်မြို့မရဲစခန်းက မုဒိမ်းမှု ပုဒ်မ-၃၇၆၊ လူခိုးမှု ပုဒ်မ-၃၆၃ နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရပါတယ်။ သတင်း-ယူမင်းစိုး
4 years Ago

May 6, 2017

နား​ကောင်းမူးရွာ ​လေ​ဘေးသင့်​အိမ်​​ထောင်​စု ၁၂ စု ကို ကူညီထောက်ပံ့

မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့ မိုင်းဟန်ကျေးရွာအုပ်စု နားကောင်းမူးကျေးရွာမှာ  လေပြင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့တဲ့ အိမ်ထောင်စုတွေအတွက် တာဝန်ရှိသူတွေက ငွေသားနဲ့ပစ္စည်းတွေ ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။ ဧပြီ ၂၇ ရက် ညနေပိုင်းက လေပြင်းဝင်ရောက်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့တဲ့ အိမ်ထောင်စု ၁၂ စုအတွက် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန(ကျိုင်းတုံခရိုင်) ပေးပို့လာတဲ့ ထောက်ပံ့ငွေသားနဲ့ ပစ္စည်းတွေကို အစိုးရကိုယ်စား မိုင်းတုံ့မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က မေလ ၅ ရက်နေ့မှာ ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။ “ရှမ်းပြည်နယ်အစိုးရအဖွဲ့ရဲ့ ထောက်ပံပေးမှုအရ ကျိုင်းတုံခရိုင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနက ပေးပို့လာတဲ့ ငွေသားကျပ်(၁၁၃၀၀၀၀)နဲ့ ထောက်ပံ့ပစ္စည်း ပုဆိုး၊ မိန်းမဝတ်လုံချည်၊ တဘက်နဲ့ ဆပ်ပြာတောင့် တတောင့်စီကို လုံးဝပျက်စီးမှုများတဲ့ အိမ်ထောင်စုတွေကို ထောက်ပံ့ပေးခဲ့တာပါ" လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဆန်းဝင်းက ဆိုပါတယ်။ အဆိုပါလေကြမ်း ၀င်ရောက်မှုကြောင့် လူနေအိမ် ၁၂ လုံးနဲ့ ဈေးဆိုင်ခန်းတွေ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ ပျက်စီးဆုံးရှုံးတဲ့ အိမ်ထောင်စု ၁၂ စုကို တအိမ်ထောင်ချင်း ဆုံးရှုံးမှုတန်ဖိုးရဲ့ ၉၀ ရာခိုင်နှုန်း တွက်ချက်ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ အောင်ဇေယျ(မိုင်းတုံ)
5 years Ago
Up