ကိုအောင်စိုးမိုး

September 1, 2018

ဒီဗွီဘီသတင်းထောက် ကိုအောင်စိုးမိုး အာမခံလျှောက်ထားမှု တရားသူကြီး ပယ်ချ

သာသနာညှိုးနွမ်းစေမှုပုဒ်မ ၂၉၅-က အပါအဝင် ပုဒ်မ ၄ ခုနဲ့ တရားစွဲခံထားရတဲ့ ဒီဗွီဘီသတင်းထောက် ကိုအောင်စိုးမိုးအမှုကို အာမခံလျှောက်ထားပေမယ့် ပဲခူးမြို့နယ်တရားသူကြီးက ပယ်ချလိုက်ပါတယ်။ ပဲခူးအောင်သိဒ္ဒိဘဝသစ်ကျောင်းတိုက်ဆရာတော်က ဒီအမှုနဲ့ပတ်သက်ပြီး တရားစွဲဆိုထားတဲ့အပေါ် ဩဂုတ် ၃၁ ရက်နေ့က ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်မှာရှိတဲ့ မြို့နယ်တရားရုံးမှာ ၄ ကြိမ်မြောက်ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ ကိုအောင်စိုးမိုး အာမခံရဖို့ တင်ပြထားတဲ့ ဆေးစာဟာ မှုခင်းဆေးစာမဟုတ်ဘဲ သာမန်ဆေးကုသတဲ့ ဆေးစာဖြစ်လို့ တရားသူကြီးကနေ အာမခံမပေးဘဲ ပယ်ချလိုက်တာလို့ ကိုအောင်စိုးမိုးရဲ့ ညီဖြစ်သူ ကိုရန်လင်းဖြိုးက ပြောပါတယ်။ ဆေးကုသမှုနဲ့ပတ်သက်လို့ ဆေးရုံကြီးကနေ ဆရာကိုယ်တိုင်မလာရောက်ဘဲ အိတ်ပိတ်စာတစောင်ပေးခဲ့တယ်လို့ သူကပြောပါတယ်။ ဘဝသစ်ဆရာတော်ကတော့ ကိုအောင်စိုးမိုးဟာ သာသနာကို အကြိမ်ကြိမ်စော်ကားတာကြောင့် ဌာနဆိုင်ရာတချို့နဲ့တိုင်ပင်ပြီး တရားစွဲဆိုခဲ့တာလို့ ဒီဗွီဘီသတင်းဌာနက မေးမြန်းမှုကို မိန့်ထားတာရှိပါတယ်။ အမှုရုပ်သိမ်းပေးဖို့ဆိုရင် ကိုအောင်စိုးမိုး မိသားစုကို ပဲခူးမြို့ကနေထွက်ခွာသွားဖို့၊ ကျူးကျော်နေထိုင်တဲ့ အိမ်နေရာကနေ ဖယ်ရှားပေးဖို့၊ တဦးနဲ့တဦး အပြန်အလှန် စွပ်စွဲပြောဆိုတာတွေ မလုပ်ဖို့ ဆက်လက်မိန့်ကြားခဲ့ပါတယ်။ ကိုအောင်စိုးမိုးကတော့ ဘဝသစ်ကျောင်းဝန်းထဲမှာ ထန်းရည်ဆိုင်ဖွင့်ရောင်းနေတာ၊ ကျောင်းပိုင်မြေနေရာတွေမှာ ထန်ရည်၊ အရက်နဲ့ ဘီယာရောင်းချနေတာတွေကို သတင်းရေးသားခဲ့တာဖြစ်ပြီး ဆရာတော်စွပ်စွဲသလို သာသနာညှိုးနွမ်းအောင် ဆဆိုခဲ့တာမရှိဘူးလို့ ရုံးထုတ်ပြန်လာချိန်မှာ ပြောပါတယ်။ ကိုအောင်စိုးမိုးဟာ ဩဂုတ် ၁၀ ရက်နေ့ကစပြီး ပဲခူးအမှတ် ၂ နယ်မြေရဲစခန်းမှာ ကိုယ်တိုင်အဖမ်းခံခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ ပဲခူးအကျဉ်းထောင်မှာ ဖမ်းဆီးခံနေရပါတယ်။
5 years Ago
Up