ကိုလံဘီယာနိုင်ငံရဲ့ အဓိကသူပုန်အဖွဲ့ကြီးဖြစ်တဲ့ ကွန်မြူနစ် Farc သူပုန်တွေက သြဂုတ် ၂၉ ရက်ည သန်းခေါင်ကစပြီး အပစ်အခတ်ရပ်စဲကြောင်း ကြေညာပါတယ်။
ကိုလံဘီယာကွန်မြူနစ်သူပုန်တွေက အခုလိုကြေညာလိုက်တဲ့အတွက် ၅၂ နှစ်ကြာ ပြည်တွင်းစစ် အဆုံးသတ်သွားပြီး အပြီးသတ် ငြိမ်းချမ်းရေး သဘောတူလက်မှတ်ရေးထိုးပွဲ တွေကို လာမယ့်သီတင်းပတ်တွေအတွင်း ကျင်းပမယ်လို့ နှစ်ဖက်အဆင့်မြင့်အရာရှိတွေကပြောဆိုပါတယ်။
ကိုလံဘီယာပြည်တွင်းစစ်ဟာ ကမ္ဘာ့အရှည်ကြာဆုံးပြည်တွင်းစစ်တွေထဲက တခုဖြစ်ပြီး အခုလိုသဘောတူညီမှုရရှိဖို့ ကျူးဘားနိုင်ငံမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ၄ နှစ်ကြာ ကျင်းပခဲ့ရတာလည်းဖြစ်ပါတယ်။
Farc သူပုန် ခေါင်းဆောင် ရော်ဒရီဂို လန်ဒိုနိုက အပစ်ရပ်ညွန်ကြားချက်ထုတ်ပြန်ခဲ့ပြီး “အခုချိန်ကစပြီး စစ်ကြောင့် သေဆုံးရတဲ့ သားသမီးတွေကို မိဘတွေ မြေမြှုပ်သဂြိုဟ်စရာမရှိတော့ဘူး။ ပြိုင်ဆိုင်မှု၊ မုန်းတီးမှုတွေဟာလည်း အတိတ်မှာ ချန်ခဲ့ပြီ” လို့ပြောဆိုခဲ့ပါတယ်။
သြဂုတ် ၂၉ ရက်ညကစပြီး သူပုန်တွေအပေါ် စစ်ဆင်ရေးတွေအားလုံး ရပ်ဆိုင်းဖို့ ကိုလံဘီယာ သမ္မတကလည်း လက်မှတ်ရေးထိုးထုတ်ပြန်ပြီးဖြစ်ပါတယ်။
5 years Ago