ကိုလံဘီယာသမ္မတ ဆန်းတို့စ်က သူရရှိတဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကြေးငွေအားလုံးကို ၅၂ နှစ်ကြာ ပြည်တွင်းစစ်အတွင်း ထိခိုက်ခံစားခဲ့ရတဲ့ ပြည်သူတွေအတွက် လှူဒါန်းမယ်လို့ အောက်တိုဘာ ၉ ရက်က ကြေညာပါတယ်။
သမ္မတ ဆန်းတို့စ်ဟာ ကိုလံဘီယာကွန်မြူနစ် ဖားစ် (Farc) သူပုန်တွေနဲ့ ပြီးခဲ့တဲ့လက ငြိမ်းချမ်းရေး သဘောတူညီမှုရအောင် စွမ်းဆောင်နိုင်ခဲ့တဲ့အတွက် နိုဘယ်လ်ဆု ချီးမြှင့်ခံရတာပါ။
ဒါပေမယ့် ရက်ပိုင်းအကြာမှာကျင်းပတဲ့ ငြိမ်းချမ်းရေး လူထုဆန္ဒခံယူပွဲမှာ အစိုးရနဲ့ သူပုန်တွေရဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ဟာ ကပ်ပြီး ရှုံးနိမ့်သွားပါတယ်။
၅၂ နှစ်ကြာ ကိုလံဘီယာပြည်တွင်းစစ်အတွင်း လူ ၂ သိန်း ၆ သောင်းလောက် သေဆုံးခဲ့ကြပြီး ၆ သန်းကျော်ဟာလည်း စစ်ဘေးဒုက္ခသည်တွေ ဖြစ်ခဲ့ကြပါတယ်။
မနေ့ညက မိသားစုနဲ့ ဆွေးနွေးခဲ့ပြီး ငြိမ်းချမ်းရေးနိုဘယ်လ်ဆုက ရရှိတဲ့ အမေရိကန်ဒေါ်လာ ၉ သိန်း ၂ သောင်းကျော်ကို စစ်ဘေးခံပြည်သူတွေအတွက် လှူဒါန်းဖို့ ဆုံးဖြတ်လိုက်တယ်လို့ သမ္မတက ပြောပါတယ်။
နိုင်ငံအနောက်မြောက်ပိုင်းက ချိုကိုပြည်နယ်မှာ စစ်ဘေးခံပြည်သူတွေရဲ့ ဘာသာရေးပွဲတော်တခုကို တက်ရောက်ရင်း အခုလို ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။
6 years Ago