ကိုလံဘီယာနိုင်ငံမှာ တပတ်အတွင်း ဇီကာဗိုင်းရပ်စ်ကူးစက်ခံရသူ ကိုယ်ဝန်ဆောင်အမျိုးသမီးဦးရေ ၂ ဆ တိုးလာတယ်လို့ ကိုလံဘီယာအာဏာပိုင်တွေက ဇန်န၀ါရီ ၃၀ ရက်နေ့က ပြောပါတယ်။
ကိုလံဘီယာနိုင်ငံအ၀န်း ဇီကာဗိုင်းရပ် ကူးစက်ခံရသူ ၂ သောင်းကျော်မှာ ကိုယ်ဝန်ဆောင် အမျိုးသမီး ၂ ထောင်ကျော် ကူးစက်ခံနေရပြီလို့ ကိုလံဘီယာ အမျိုးသားကျန်းမာရေးဌာနက ပြောဆိုတာပါ။
ခြင်ကနေတဆင့် ကူးစက်တဲ့ ဇီကာဗိုင်းရပ်စ်နဲ့ မွေးဖွားလာတဲ့ ကလေးငယ်တွေဟာ ဦးနှောက် ပုံမှန်လောက် မဖွံ့ဖြိုးဘဲနဲ့ မွေးဖွားလာကြ တာပါ။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလည်း ဒီဇီကာဗိုင်းရပ်စ်ဟာ ကြောက်ခမန်းလိလိ ကူးစက်ပြန့်ပွားနေတယ်လို့ သတိပေးထားပြီး အခုနှစ်အတွင်း ကူးစက်ခံရသူ ၄ သန်း ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဒီဇီကာဗိုင်းရပ်ကူးစက်ရောဂါကို ကမ္ဘာ့ပေါ် အရေးပေါ်အခြေအနေကြေညာသင့်၊ မသင့်ကိုလည်း ဖေဖော်ဝါရီ ၁ ရက်နေ့မှာ WHO က ဆွေးနွေးဖို့ရှိပါတယ်။
လောလောဆယ် ဘရာဇီးနိုင်ငံမှာ ကူးစက်မှု အများဆုံးဖြစ်ပြီး ကိုလံဘီယာနိုင်ငံကတော့ ဒုတိယနေရာက လိုက်နေတာပါ။
နိုင်ငံပေါင်း ၂၀ ကျော်မှာ ကူးစက်နေပြီး ဇန်န၀ါရီ ၁ ရက်နဲ့ ၂ ရက် အတွင်း ဂျမေကာနဲ့ ပီရူးနိုင်ငံတို့မှာလည်း ပထမဆုံး ကူးစက်မှုတွေ တွေ့ရှိခဲ့ပါတယ်။
7 years Ago