ကိုလံဘီယာတွင်

April 2, 2017

ကိုလံဘီယာတွင် ကြောက်မက်ဖွယ် ရွှံ့မြေပြိုကျ၊ ၂၅၀ ကျော်သေဆုံး (ရုပ်သံ)

ကိုလံဘီယာနိုင်ငံ အနောက်တောင်ပိုင်းမှာ ဧပြီ ၁ ရက်နေ့က ရွှံမြေပြိုကျမှုဖြစ်ပွားခဲ့လို့ ဒေသခံအနည်းဆုံး ၂၅၄ ဦး သေဆုံး၊ ၂၀၀ ကျော်ပျောက်ဆုံးပြီး ၄၀၀ ကျော် ဒဏ်ရာရခဲ့ကြပါတယ်။ မြေပြိုမကျခင် နာရီအတန်ကြာ မိုးအသည်းအသန် ရာသွန်းခဲ့ပြီး မြစ်ချောင်းတွေ၊ ရွှံ့ရေတွေ လျှံခဲ့တယ်လို့ ဆိုပါတယ်။ လူအများအပြားလည်း ပျောက်ဆုံးနေပြီး ဒေသခံဆေးရုံကလည်း ဒဏ်ရာရသူတွေနဲ့ မနိုင်တော့ဘူးလို့ စစ်တပ်အရာရှိတဦးက ပြောဆိုပါတယ်။ သမ္မတ ဟွန် မဲနူရယ် ဆန်တိုစ့်လည်း အဲ့ဒီဒေသကို သွားရောက်ခဲ့ပြီး ကိုလံဘီယာစစ်တပ်ကိုလည်း အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် စေလွှတ်ခဲ့ပါတယ်။ တမြို့လုံး ရွှံ့တွေ လွှမ်းသွားပြီး လျှပ်စစ်မီးရော၊ သုံးရေတွေပါ ပြတ်လပ်ကုန်ပြီလို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောဆိုပါတယ်။ အဲ့ဒီဒေသကို ဖြတ်သန်းစီးဆင်းတဲ့ မိုကိုအာမြစ်နဲ့ မြစ်လက်တက် ၃ ခုတို့ ရေကြီးပြီး ရွှံ့မြေပြိုကျစီးဆင်းခဲ့တာလို့ သဘာဝဘေးအန္တရာယ်စီမံရေးနဲ့ အရေးပေါ်ကယ်ဆယ်ရေးဌာန တာဝန်ရှိသူတဦးကပြောဆိုပါတယ်။ သမ္မတ ဆန်းတို့စ်လည်း သူကိုယ်တိုင် အခြေအနေကို အနီးကပ်ကွပ်ကဲနေတယ်လို့ သူ့ရဲ့ Twitter မှာ ရေးသားထားပါတယ်။ ပြီးခဲ့တဲ့မတ်လဟာ ၂၀၁၁ ခုနှစ်နောက်ပိုင်း ကိုလံဘီယာ၊ အီကွေဒေါနဲ့ ပီရူးနိုင်ငံတွေမှာ မိုးအများဆုံးရွာသွန်းတဲ့ လဖြစ်ခဲ့ပါတယ်။ ပီရူးနိုင်ငံမှာလည်း အခုနှစ်အတွင်း မိုးကြီးရေကြီးမှုတွေနဲ့ လူ ၉၀ ကျော်သေဆုံးခဲ့ပါတယ်။
5 years Ago
Up