ကိုရီးယားကျွန်းဆွယ် ပြန်တင်းမာလာမှုအပေါ်

December 5, 2017

ကိုရီးယားကျွန်းဆွယ် ပြန်တင်းမာလာမှုအပေါ် စိတ်မကောင်းဖြစ်ဟု တရုတ်ပြော

ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ ပြန်လည် ဖြစ်ပေါ်လာတဲ့အတွက် တရုတ်နိုင်ငံ အနေနဲ့ စိတ်မကောင်းဖြစ်မိတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယိက ပြောကြားလိုက်ပါတယ်။ ဒီဇင်ဘာ ၄ ရက်နေ့က မွန်ဂိုလီးယားနိုင်ငံခြားရေးဝန်ကြီး ဒမ်ဒင်-ဆော့ဘာတာနဲ့ ပူးတွဲ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်တာပါ။ “ကိုရီးယားကျွန်းဆွယ်မှာ နှစ်လလောက် တည်ငြိမ်ပြီးတော့ တင်းမာမှုတွေ ပြန်လည် ဖြစ်ပေါ်လာခဲ့ပါတယ်။ မူလက တရုတ်နိုင်ငံက ကမ်းလှမ်းထားတဲ့ အခွင့်အလမ်းကို သက်ဆိုင်ရာနိုင်ငံတွေက မဆုပ်ကိုင်ခဲ့တဲ့အတွက် တရုတ်နိုင်ငံအနေနဲ့ စိတ်မကောင်းဖြစ်မိပါတယ်။” “ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို လျစ်လျူရှုပြီး နျူကလီးယားဒုံးကျည် ထုတ်လုပ်ရေး တွန်းအားပေး လုပ်ဆောင်နေတဲ့ မြောက်ကိုရီးယားကို တရုတ်နိုင်ငံဟာ အမြဲ ဆန့်ကျင်ကန့်ကွက်ပါတယ်။ တရုတ်နိုင်ငံဟာ အစဉ်သဖြင့် ကုလသမဂ္ဂ ဆုံးဖြတ်ချက်တိုင်းကို လေးစားလိုက်နာပါတယ်။ တင်းမာမှုဖြစ်စေတဲ့ အပြုအမူ မှန်သမျှကို ဆန့်ကျင်ပြီး ငြိမ်းချမ်းရေးနဲ့ တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ဖို့ အမြဲမပြတ် တိုက်တွန်းပါတယ်” လို့ မစ္စတာဝမ်ယိက ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာအကုန်မှာ မြောက်ကိုရီးယားဟာ ပစ်လွှတ်ဖူးသမျှထဲမှာ အဆင့်မြင့်ဆုံး တိုက်ချင်းပစ်ဒုံးကျည်ကို ပစ်လွှတ်ခဲ့ပြီး အဲဒီဒုံးကျည်ဟာ အမေရိကန်ပြည်ထောင်စု ကုန်းမကြီးအထိ ရောက်ရှိနိုင်တယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။
4 years Ago
Up