ကိုယ်ဝန်ဆောင်အမျိုးသမီး

March 22, 2016

ဖျတ်လတ်တက်ကြွသည့် ကိုယ်ဝန်ဆောင်အမျိုးသမီး အကဓာတ်ပုံများ ရေပန်းစား (ဓာတ်ပုံ)

တရုတ်နိုင်ငံမှ အသက် ၂၇ နှစ်အရွယ် ကျောင်း အမည်ရတဲ့ အမျိုးသမီးဟာ ကိုယ်ဝန်ဆောင်တဦးဖြစ်ပေမယ့် အံ့မခန်း ကျန်းမာသန်စွမ်းသူတယောက်ပါ။ သူ့ရဲ့ ကိုယ်ဝန်အရင့်အမာနဲ့ ကျန်းမာသန်စွမ်းတဲ့ အကစွမ်းရည်ပြပုံတွေ အင်တာနက် စာမျက်နှာတွေပေါ် ပျံ့နှံ့ခဲ့ပြီးနောက်မှာတော့ လူသိများလာခဲ့တာပါ။ အကဆရာမတဦးဖြစ်တဲ့ ကျောင်းဟာ ကိုးလသား ကိုယ်ဝန်ဆောင်ထားရတာ ဖြစ်ပြီး လျောင်နင်းခရိုင်၊ အန်ရှန်းမြို့မှာ နေထိုင်ပါတယ်။ ကျောင်းဟာ အမျိုးသားအဆင့် အကစွမ်းရည်ပြိုင်ပွဲမှာ အဆင့် ၆ ရထားခဲ့တာဖြစ်ပြီး ကိုယ်ဝန်ဆောင်ထားချိန်မှာတောင် အကလေ့ကျင့်ခန်းတွေကို ပုံမှန်ဆက်လက် လုပ်ဆောင်နေခဲ့တာ ဖြစ်တယ်လို့ လျောင်နင်းပို့စ်သတင်းမှာ ဖော်ပြပါတယ်။ ကျောင်းက ခုလို အကစွမ်းရည်ပြဓာတ်ပုံတွေ ရိုက်ကူးဖို့ သူ့ရဲ့အလုပ်ကနေ မီးဖွားခွင့်ယူပြီးချိန်မှာ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ခွင့်ယူချိန်မှာ သူ့ရဲ့အလုပ်က အထက်အရာရှိတွေက ပျော့ပြောင်းသွက်လက်တဲ့ ကျောင်းကို ကိုယ်ဝန်ဆောင်တဦးလို့ ယုံကြည်ဖို့ ခက်နေခဲ့ကြတယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ အွန်လိုင်းအသုံးပြုသူတွေက ဒါဟာ မွေးဖွားလာမယ့်ကလေးကို အန္တရာယ်ဖြစ်စေတယ်လို့ သုံးသပ်ခဲ့ကြပေမယ့် လျောင်နင်း အမှတ် ၃ ဆေးရုံ၊ သားဖွားနဲ့ မီးယပ်ပညာဌာန၊ ဒါရိုက်တာတဦးကတော့ အမျိုးသမီးတဦးဟာ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်လက်လှုပ်ရှားမှုတွေလုပ်ပြီး ပုံမှန်အတိုင်းရှိနေရင် ကလေးကို ပုံမှန်မွေးဖွားနိုင်တယ်လို့ ပြောလိုက်ပါတယ်။ ဓာတ်ပုံ - စီစီတီဗွီ  
6 years Ago

January 28, 2016

ဖေ့စ်ဘွတ်ခ်ပေါ် ရေပန်းစားလာသည့် ငါးမြွှာပူး ကိုယ်ဝန်ဆောင်အမျိုးသမီး (ရုပ်သံ)

သြစတြေးလျနိုင်ငံသူ အမျိုးသမီးတဦးဟာ ငါးမြွှာပူး ကိုယ်ဝန်ဆောင်ထားချိန်မှစပြီး ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ကိုယ်ဝန်ဆောင်ချိန် ကြုံတွေ့ရတဲ့ ဖြတ်သန်းမှုတွေကို နေ့စဉ်မျှဝေခဲ့ရာမှ အင်တာနက်ပေါ်မှာ ရေပန်းစားလာခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် ကင်မ်တပ်ချီအမည်ရ အဲဒီအမျိုးသမီးဟာ သြစတြေးလျနိုင်ငံ၊ ပါ့သ်မြို့မှဖြစ်ပြီး ခုချိန်မှာတော့ ကိုယ်ဝန် ၂၉ ပတ် လွယ်ထားရတယ်လို့ တယ်လီဂရပ်ဖ် သတင်းမှာ ဖော်ပြပါတယ်။ သူဟာ ကိုယ်ဝန်ဆောင်စဉ်ကာလ အခြေအနေတွေကို အချိန်နဲ့တပြေးညီ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ မျှဝေလေ့ရှိပြီး ခုချိန်မှာတော့ ပရိသတ် ၁ သိန်းခွဲ ရှိလာခဲ့ပါတယ်။ “နာကျင်မှုတွေဆီကနေ ဖြတ်သန်းရတဲ့ တရက်ချင်းစီဟာ ပိုခက်ခဲလာပါတယ်။ ကျမခန္ဓာကိုယ် အစိတ်အပိုင်း တခုချင်းစီဟာ နာကျင်နေပါတယ်။ အိပ်ပျော်နေချိန်မှာ နာကျင်မှုဟာ ပိုလာပါတယ်” လို့ သူက ပို့စ်တခုမှာ ရေးသားခဲ့ပါတယ်။ သူက မမွေးဖွားသေးတဲ့ ကလေး ၅ ဦးအတွက် နေ့စဉ် ကယ်လိုရီ ၆၀၀၀ စားသုံးနေတာလို့ ဆွေးနွေးမှုတခုမှာ ဖော်ပြခဲ့ပါတယ်။ တခြားပို့စ်တခုမှာတော့ သူ့ခင်ပွန်းဖြစ်သူရဲ့ အားပေးကူညီမှုတွေအတွက် ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။ “ကျမအမျိုးသားသာ မရှိရင် ကျမ ပြိုလဲသွားမှာပါပဲ။ လူတွေက မေးကြတယ်။ ‘ကျမ ဘာလို့ အေးအေးဆေးဆေး နေနိုင်တာလဲဆိုတာ’ သူက ကျမရဲ့ အကြောင်းပြချက်ပါပဲ။” သူ့ရဲ့ပို့စ်အောက်မှာ မှတ်ချက်ပေးသူတဦးက “မင်းအကြောင်းကို ဖတ်ခဲ့ပြီးပါပြီ။ တကယ့်ကို အံ့သြစရာပါပဲ။ မင်းရော၊ ရင်သွေးလေးတွေရဲ့ ဖေဖေပါ အံ့သြပျော်ရွှင်စရာ ကောင်းတဲ့ ဘ၀ကို ချစ်ခြင်းတွေနဲ့ ရရှိနိုင်ပါစေ” လို့ ရေးခဲ့ပါတယ်။
6 years Ago
Up