မြန်မာရေတပ်ဟာ ကိုယ်ပျောက်နည်းပညာဒီဇိုင်း အသုံးပြုထားတဲ့ ခေတ်မီ ဒုံးပျံတင် ဖရီးဂိတ်စစ်သင်္ဘောကို တည်ဆောက်နိုင်ခဲ့ပြီလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ရန်ကုန်တိုင်း သန်လျင်ရေတပ်စခန်းဌာနချုပ်မှာ ဒီဇင်ဘာ ၂၄ ရက်က ပြုလုပ်ခဲ့တဲ့ ရေတပ် တပ်တော်ဝင်ခြင်း အခမ်းအနားမှာ ကိုယ်ပျောက်နည်းပညာ သုံးထားတဲ့ ဆင်ဖြူရှင် စစ်သင်္ဘောလည်း ပါဝင်ခဲ့တဲ့အကြောင်း အဲ့ဒီ အင်တာနက်စာမျက်နှာမှာ ခုလို ဖော်ပြထားပါတယ်။
"ယခု တတိယစစ်ရေယာဉ်ဖြစ်သည့် စစ်ရေယာဉ် ဆင်ဖြူရှင်အား ၂၀၁၀ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခင်တည်ဆောက်ပြီး ဖရီးဂိတ်စစ်ရေယာဉ်များနဲ့ အခြေခံပုံစံ တူညီသော်လည်း ရေဒါပုံရိပ်ဖမ်းယူရရှိမှုကို ပိုမိုလျှော့ချနိုင်သည့် ကိုယ်ပျောက်နည်းပညာဒီဇိုင်း အသုံးပြုထားပြီး ပိုမိုစွမ်းအားမြင့်မားသည့် စစ်လက်နက်ပစ္စည်းများ ထပ်မံဖြည့်ဆည်း တပ်ဆင်ထားသော အလျား ၁၀၈ မီတာ၊ တန်ချိန် ၁၈၅၀ ရှိသည့် အဆင့်မြင့် ခေတ်မီဒုံးပျံတင် ဖရီးဂိတ်စစ်ရေယာဉ်ဖြစ်သည်။"
ဒီဇင်ဘာ ၂၄ ရက်က ပြုလုပ်ခဲ့တဲ့ စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားမှာ ဒုံးပျံတင် ဖရီးဂိတ်စစ်ရေယာဉ် ၁ စီး၊ ပင်လယ်သွား ဆေးရုံရေယာဉ် ၁ စီးနဲ့ တင့်ကားတင် ကမ်းထိုးရေယာဉ် ၆ စီးတို့ ပါဝင်ခဲ့ပါတယ်။
မြန်မာရေတပ်အနေနဲ့ ဒုံးပျံတင် ဖရီးဂိတ်စစ်ရေယာဉ်များအား ၂၀၀၅ ခုနှစ်ကစပြီး ကိုယ့်အားကိုယ်ကိုး တည်ဆောက်ခဲ့တယ်၊ စစ်ရေယာဉ် အောင်ဇေယျအား ၂၀၁၀ ပြည့်နှစ်တွင် လည်းကောင်း၊ စစ်ရေယာဉ် ကျန်စစ်သားအား ၂၀၁၄ ခုနှစ်တွင်လည်းကောင်း တပ်တော်ဝင်ခဲ့ပြီး ဖြစ်တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။
7 years Ago