ကိုဆိုဗိုဆာ့ဘ်ခေါင်းဆောင်၏

January 20, 2018

ကိုဆိုဗိုဆာ့ဘ်ခေါင်းဆောင်၏ ဈာပန ၀န်ကြီးချုပ်အပါဝင် လူရာချီ တက်ရောက်

ပြီးခဲ့တဲ့ နှစ်ရက်က ပါတီရုံးခန်းရှေ့မှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတဲ့ ကိုဆိုဗို ဆာ့ဘ်ခေါင်းဆောင် အိုလီဗာအီဗန်နိုဗစ်ရဲ့ ဈာပနအခမ်းအနားကို ဆားဘီယားဝန်ကြီးချုပ် အာနာဘနာဘိခ်ျ အပါအဝင် လူရာပေါင်းများစွာ တက်ရောက်ခဲ့ကြပါတယ်။ အသက် ၆၄ နှစ်အရွယ် ကိုဆိုဗို ဆာ့ဘ်ခေါင်းဆောင် အိုလီဗာ အီဗန်နိုဗစ်ဟာ အယ်လ်ဘေးနီးယားလူမျိုး အများစုနဲ့ ဆာ့ဘ်လူမျိုးတို့ အကြား အကြီးအကျယ် သဘောထားကွဲလွဲနေတဲ့ မီထရိုဗီကာမြို့မှာရှိတဲ့ သူ့ပါတီရုံးခန်းရှေ့မှာ အမည်မသိလူတဦးက သေနတ်နဲ့ပစ်သတ်ခဲ့တာပါ။ သူရဲ့ ရုပ်အလောင်းကို ကိုဆိုဗိုကနေ ဆားဘီးယားနိုင်ငံ ဘဲလ်ဂရိတ်မြို့ကို ပို့ဆောင်ပြီး အသုဘအခမ်းအနား ကျင်းပခဲ့တာဖြစ်ပါတယ်။ “အခုလောလောဆယ် ကျမပြောနိုင်တာကတော့ အိုလီဗာကို ပစ်သတ်ခဲ့တဲ့လူက အိုလီဗာကို ထာဝရရှင်သန်နေအောင် လုပ်ပေးလိုက်တာပဲလို့ ပြောချင်ပါတယ်။ ဒီလုပ်ရပ်ရဲ့ အကျိုးဆက်တွေကို သိပ်မကြာခင်မှာပဲ ကျမတို့ တွေ့နိုင်မှာပါ။ အိုလီဗာအသတ်ခံခဲ့ရတဲ့ မီထရိုဗီကာမြို့မှာ နေသူတွေကတော့ အလွန်စိတ်ညစ်နေကြ၊ ဝမ်းနည်းနေကြ၊ စိုးရိမ်ထိတ်လန့်နေကြပါတယ်။ တနည်းပြောရရင် စိတ်ပျက်နေကြပါပြီ။ မြို့ရဲ့ အကောင်းဆုံးကတော့ သွားပါပြီ” လို့ အသုဘအခမ်းအနားတက်ရောက်လာတဲ့ နီဗန်ကာ မက်ဒစ် ကပြောကြားသွားတာပါ။ “ဆာဘီးယားသမ္မတ ဘာလုပ်မလဲဆိုတာမူတည်ပြီး၊ ဒီကိစ္စက ပြဿနာမီးပွားဖြစ်လာ၊ မလာဆိုတာ ကြည့်ရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့အနေနဲ့က နိုင်ငံရေး အကြမ်းဖက်မှုတွေကို စိတ်ပျက်နေတဲ့ဒီလူထုရဲ့ တုံ့ပြန်ပုံကို တွေ့မြင်ပြီးသားဖြစ်လို့ပါ” လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒူဆန် ယန်ယစ် ကပြောကြားသွားတာဖြစ်ပါတယ်။ အခုသတ်ဖြတ်မှုဖြစ်ပွားခဲ့တဲ့ မီထရိုဗီယာမြို့ဟာ ကိုဆိုဗိုဒေသတွင်းမှာ တည်ရှိတဲ့မြို့ဖြစ်ပါတယ်။ ကိုဆိုဗိုဒေသဟာ ၂၀၀၈ ခုနှစ်က ဆားဘီးယားနိုင်ငံကနေခွဲထွက်ပြီး လွတ်လပ်တဲ့ နိုင်ငံအဖြစ် တည်ထောင်ခဲ့ပေမယ့် ဆာဘီးယားက အသိအမှတ်မပြုတာကြောင့် အငြင်းပွားနေတဲ့ နယ်နိမိတ်လည်းဖြစ်ပါတယ်။ အခုလို ထင်ရှားတဲ့ ကိုဆိုဗိုဆာ့ဘ် ခေါင်းဆောင် အိုလီဗာအသတ်ခံလိုက်ရအပြီးမှာ ဥရောပသမဂ္ဂက ကြားဝင်ဆောင်ရွက်ပေးတဲ့ ကိုဆိုဗိုနဲ့ ဆွေးနွေးမယ်အစီအစဉ်ကို ဆားဘီးယားအစိုးရက ဆိုင်းငံ့ထားလိုက်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up