အာဆင်နယ်နောက်ခံလူ ကိုစီယယ်နီက ဒဏ်ရာက သက်သာလာတာနဲ့ နည်းပြ အူနိုင်းအမ်မရီလက်အောက်မှာ အကောင်းဆုံး ပြန်လည်ပေးဆပ်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။
လောရန့် ကိုစီယယ်နီဟာ ပြင်သစ်လက်ရွေးစင် အသင်းခေါင်းဆောင်ရာထူးကို ၅၁ ပွဲ တာဝန်ယူပြီးနောက် နိုင်ငံအသင်းကနေ အနားယူခဲ့ပါတယ်။
အခုလို အနားယူခဲ့ပေမယ့် ကလပ်အသင်းဖြစ်တဲ့ အာဆင်နယ်အသင်းမှာတော့ အကောင်းဆုံး ကစားသွားဖို့ရှိတယ်လို့ ဆိုပါတယ်။
ကိုစီယယ်နီဟာ ခြေချင်းဝတ်ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ခဲ့ပြီး နည်းပြ ဒက်စ်ချမ့်နဲ့လည်း ဆက်ဆံရေးပိုင်းမှာ အခက်အခဲတွေ ရှိခဲ့ပါတယ်။
အသက် ၃၃ နှစ်အရွယ်ရှိ ကိုစီယယ်နီဟာ ပြီးခဲ့တဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ကာလရှည်ကြာ အနားယူနေခဲ့ရတာလည်း ဖြစ်ပါတယ်။
ကိုစီယယ်နီက လက်ရွေးစင်အသင်းကနေ အနားယူခဲ့တာနဲ့ ပတ်သက်လို့ အသင်းအတွက် ပေးဆပ်နိုင်သလောက် ပေးဆပ်ပြီးပြီဖြစ်ကြောင်း၊ ယူရိုပြိုင်ပွဲ ၂ ကြိမ်၊ ကမ္ဘာ့ဖလား ၁ ကြိမ် ကစားပြီးပြီဖြစ်လို့ စိတ်ကူးပြောင်းလဲမှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။
3 years Ago