ကိုင်ရို

March 4, 2019

လူ ၂၅ ဦးသေဆုံးသည့် အီဂျစ်ရထားတိုက်မှု ဗွီဒီယိုဖိုင် ထွက်ပေါ် (ရုပ်သံ)

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့က လူ ၂၅ ဦး သေဆုံးခဲ့ရတဲ့ ရထားတိုက်မှု မှတ်တမ်းဗွီဒီယိုဖိုင် ထွက်ပေါ်လာပါတယ်။ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရဲ့ ပင်မဘူတာရုံတခုမှာ ရထားတစီးက ဘေးနားမှာရှိတဲ့ အကာအရံတွေကို ဝင်တိုက်ခဲ့တာကြောင့် အနည်းဆုံး လူ ၂၅ ဦး သေဆုံးကာ ၅၀ နီးပါး ဒဏ်ရာရခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ဖြစ်ပွားခဲ့တာပါ။ ဘူတာရုံတွင်းမှာ တပ်ဆင်ထားတဲ့ စီစီတီဗွီ ကင်မရာတွေမှာ ဒီဖြစ်ရပ်နဲ့ပတ်သက်တဲ့ မှတ်တမ်းတွေကို ပြန်လည်မြင်တွေ့ခဲ့ရပြီး မှတ်တမ်းဗွီဒီယိုဖိုင်တခုမှာ ရထားက ပလက်ဖောင်းအမှတ် ၆ မှာရှိတဲ့ အကာအရံကို ဝင်တိုက်ပြီး တိုက်မိတဲ့အရှိန်ကြောင့် ပေါက်ကွဲမှုဖြစ်ပွားကာ ဘေးနားမှာရှိနေတဲ့ ခရီးသည်တွေကို မီးဟပ်သွားတဲ့ ပုံရိပ်တပုံကိုလည်း အထင်အရှား မြင်တွေ့ခဲ့ရပါတယ်။ နောက်ထပ် ရုပ်သံမှတ်တမ်း တခုမှာလည်း ရထားတိုက်မှု ဖြစ်ပွားပြီးနောက် ဘေးလွတ်ရာကို ထွက်ပြေးနေသူများနဲ့ ခန္ဓာကိုယ်မှာ မီးစွဲလောင်လျက် ရထားပေါ်က ပြေးဆင်းလာသူတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ အီဂျစ်နိုင်ငံဟာ ဒေသတွင်း အဟောင်းနွမ်းဆုံးနဲ့ သက်တမ်းအကြာမြင့်ဆုံး ရထားလမ်းကြောင်း စနစ်တွေထဲက တခုကို ပိုင်ဆိုင်ထားပြီး နိုင်ငံတွင်း မီးရထားနဲ့ပတ်သက်တဲ့ မတော်မဆမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။ အီဂျစ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဒီဖြစ်ရပ်ဟာ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ မသက်ဆိုင်တဲ့ မတော်တဆမှုသာ ဖြစ်ကြောင်းလည်း ထုတ်ပြန်ကြေညာထားပါတယ်။ မတော်တဆဖြစ်ရပ် ဖြစ်ပွားပြီးနောက် အီဂျစ်သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက ဒီဘူတာရုံနဲ့ ပတ်သက်တဲ့ ရထားအဝင်အထွက် ကိစ္စအားလုံးကို ရပ်ဆိုင်းထားကာ အီဂျစ် သယ်ယူပို့ဆောင်ရေး ဝန်ကြီးလည်း ရာထူးကနေ နုတ်ထွက်သွားခဲ့တယ်လို့ သိရပါတယ်။
3 years Ago

February 28, 2019

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော် ဘူတာရုံတွင် မီးလောင်၍ လူ ၂၅ ဦးသေဆုံး

အီဂျစ်နိုင်ငံ၊ မြို့တော် ကိုင်ရိုက ပင်မဘူတာရုံတခုမှာ ဖေဖော်ဝါရီ ၂၇ ရက်က မီးလောင်ခဲ့တာကြောင့် လူ ၂၅ ဦးထက်မနည်း သေဆုံးပြီး ၅၀ လောက် ဒဏ်ရာရသွားတယ်လို့ နိုင်ငံပိုင်ရုပ်သံက ကြေညာပါတယ်။ ရထားစက်ခေါင်းတခုက အရံအတားကို ဝင်တိုက်ကာ ပေါက်ကွဲမီးလောင်ခဲ့တာဖြစ်ပြီး ဒီပေါက်ကွဲမှုဟာ တမင်တကာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တဲ့လက္ခဏာ မတွေ့ဘူးလို့ အီဂျစ် လုံခြုံရေး တာဝန်ရှိသူတွေက ပြောပါတယ်။
3 years Ago
More News
Up