ကိုကင်း ၈ တန်နီးပါး ကိုလံဘီယာ ရဲတပ်ဖွဲ့ သိမ်းဆည်းရမိ

May 16, 2016

ကိုကင်း ၈ တန်နီးပါး ကိုလံဘီယာ ရဲတပ်ဖွဲ့ သိမ်းဆည်းရမိ

ကိုလံဘီယာမြေပေါ်မှာ တကြိမ်တည်းနဲ့ အများဆုံးဖြစ်တဲ့ ကိုကင်း ၈ တန်နီးပါးကို ရဲတပ်ဖွဲ့က မေလ ၁၅ ရက်နေ့မှာ သိမ်းဆည်းရမိခဲ့ပါတယ်။ နိုင်ငံအနောက်မြောက်ပိုင်းက တာဘိုမြို့ ငှက်ပျောစိုက်ခင်းထဲမှာ ၀ှက်ထားတဲ့ မူးယစ်ဆေးဝါးတွေဖြစ်ပြီး ဒေသခံ ကလန်း အူဆူဂါ (Clan Usuga) မူးယစ်ဂိုဏ်းပိုင် ကိုကင်းတွေလို့ ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။ ဂိုဏ်းဝင်လို့ သံသယရှိသူ ၃ ဦးကို ဖမ်းဆီးထားပြီး ၃ ဦးကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။ ၈ တန်ထဲက တတန်ခွဲလောက်ဟာ ပြည်ပဈေးကွက်ကို တင်ပို့ဖို့ အဆင်သင့် ထုပ်ပိုးပြီးဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးက ပြောဆိုပါတယ်။ ကလန်း အူဆူဂါ မူးယစ်ဂိုဏ်းဟာ ခြိမ်းခြောက်ငွေညှစ်မှု၊ တရားမ၀င်သတ္တုတူးဖော်မှု၊ လူသတ်မှုတွေနဲ့ ပတ်သက်ပြီး လက်ရှိမှာ အဖွဲ့ဝင် ၂၀၀၀ လောက် ရှိတယ်လို့လည်း ဒေသတွင်း သတင်းတွေက ဆိုပါတယ်။ အခုဖမ်းဆီးရမိတဲ့ ကိုကင်းတန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း ၂၄၀ ဖိုးရှိမယ်လို့ ကိုလံဘီယာ အာဏာပိုင်တွေက တွက်ချက်ထားပါတယ်။ ကိုလံဘီယာနိုင်ငံကနေ နှစ်စဉ် မူးယစ်ဆေးဝါးတန်ချိန် ၄၄၂ တန် ထွက်ရှိတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပြီး ပြီးခဲ့တဲ့နှစ်က တန်ချိန် ၂၅၀ ကျော် ဖမ်းဆီးနိုင်ခဲ့တယ်လို့ ကိုလံဘီယာအစိုးရက ဆိုပါတယ်။ မူးယစ်ဆေးဝါးဂိုဏ်းတွေနဲ့ တရားမ၀င် သတ္တုတူးဖော်ရေးဂိုဏ်းတွေကို လေတပ်အင်အားသုံးပြီး နှိမ်နင်းမယ်လို့ ကိုလံဘီယာအစိုးရက အခုလ အစောပိုင်းမှာ ပြောဆိုထားပါတယ်။
6 years Ago
Up