ကုသစရိတ်

December 5, 2020

ကိုဗစ်-၁၉ ရောဂါပြင်းထန်သူအတွက် ကုသစရိတ် ၂၅ သိန်းနှင့် သိန်း ၅၀ ကြား ကုန်ကျနေ

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံမှာ လူသားအရင်းအမြစ်နဲ့ ငွေအရင်းအမြစ်တွေ ပြုန်းတီးနေတာကြောင့် ကိုဗစ်စည်းကမ်း လျော့ရဲနေတာတွေ ပြန်လည်တင်းကြပ်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ ဒီဇင်ဘာ ၄ ရက်နေ့ ညပိုင်း ကိုဗစ်ရောဂါအခြေအနေ အစီရင်ခံတင်ပြတဲ့ မိန့်ခွန်းမှာ ပြောကြားသွားခဲ့တာပါ။  လက်ရှိ မြန်မာနိုင်ငံမှာ သာမန်ကွာရတင်းဝင်ရတဲ့ သူတစ်ယောက်အတွက် ပျမ်းမျှ ကုန်ကျစရိတ် ၆ သိန်း၊ ရောဂါအတည်ပြုလူနာကုသစရိတ် ၁၅ သိန်းကနေ သိန်း ၂၀ ကြား၊ ရောဂါပြင်းထန်သူတွေအတွက် ကုသစရိတ်က ၂၅ သိန်းနဲ့ သိန်း ၅၀ ကြားအထိ နိုင်ငံတော်က ကုန်ကျနေရတယ်လို့ ဆိုပါတယ်။  ရောဂါမပြင်းထန်တဲ့ ကိုဗစ်အတည်ပြုလူနာအတွက်ကုန်ကျစရိတ်ဟာ လူ ၃၀၀ ကို ကိုဗစ်ကာကွယ်ဆေး ဝယ်ယူထိုးပေးနိုင်တဲ့ ပမာဏရှိနေပြီး ရောဂါအခြေအနေဆိုးရွားတဲ့ လူနာတစ်ယောက်အတွက် ကုန်ကျစရိတ်ဟာ တွက်ကြည့်ရင် လူ ၁ ထောင်အထိ ကာကွယ်ဆေးထိုးပေးနိုင်တဲ့ အတိုင်းအတာရှိနေပါတယ်။  မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ၄ ရက်ညအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၉၆၅၂၀ ယောက်နဲ့ သေဆုံးသူ ၂၀၅၉ ဦး ရှိနေပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ အခုလို ရောဂါကုသစရိတ်အတွက် စီးပွားရေးပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ သုံးနိုင်မယ်ဆိုရင် ဘယ်လောက်အကျိုးရှိနိုင်မလဲဆိုတာ ပြည်သူတွေ စဉ်းစားစေချင်တယ်လို့ အတိုင်ပင်ခံက ပြောပါတယ်။  မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ စပြီးဖြစ်နေတာ ၉ လထိ ရှိနေပြီဖြစ်ပြီး ပြည်သူတွေအနေနဲ့ တာဝန်သိစိတ်လျော့နည်းလာတဲ့ အနေအထားမှာရှိနေတာကြောင့် ကိုဗစ်စည်းကမ်းတွေကို တစ်ယောက်ချင်း လိုက်နာကြဖို့  တိုက်တွန်းထားပါတယ်။ ကိုဗစ်အလွန်ကာလမှာ မြန်မာနိုင်ငံအနေနဲ့ ပြန်လည်ထူထောင်ရေးအတွက် ပြင်းပြင်းထန်ထန်ရုန်းကန်ရမှာဖြစ်လို့ ကိုဗစ်ကြောင့် မလိုအပ်ဘဲ လူအရင်းအမြစ်၊ ငွေအရင်းအမြစ်တွေ မပြုန်းတီးဖို့ ကိုဗစ်ရောဂါနဲ့ပတ်သက်တဲ့ စည်းကမ်းတွေကို တင်းတင်းကြပ်ကြပ်လိုက်နာကြပါလို့ မေတ္တာရပ်ခံခဲ့ပါတယ်။
4 months Ago
Up