ကုလ လူ့အခွင့်အရေးကောင်စီတွင် မြန်မာနှင့်ပတ်သက်ပြီး ယနေ့ ဆုံးဖြတ်မည်

A d v e r t i s e m e n t With Us

March 17, 2016

ကုလ လူ့အခွင့်အရေးကောင်စီတွင် မြန်မာနှင့်ပတ်သက်ပြီး ယနေ့ ဆုံးဖြတ်မည်

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၃၁ ကြိမ်မြောက် ညီလာခံမှာ မတ်လ ၁၇ ရက်မှာ ချမှတ်မယ့် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ပြင်ဆင်နေကြပါတယ်။ ပြီးခဲ့တဲ့ ၁၄ ရက်က တင်သွင်းခဲ့တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းစစ်ဆေးအရာရှိ မစ္စရန်ဟီးလီရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေအကြောင်း အစီရင်ခံစာကို မူတည်ပြီး လူ့အခွင့်အရေးကောင်စီကနေ ချမှတ်မယ့် မြန်မာနိုင်ငံအပေါ် ဆုံးဖြတ်ချက်ကို ပြင်ဆင်နေကြတာ ဖြစ်ပါတယ်။ မြန်မာအစိုးရကိုယ်စားလှယ် ဦးမောင်ဝေကတော့ မစ္စရန်ဟီးလီရဲ့ တင်ပြချက်ဟာ ချဲ့ကားပြောဆို ရေးသားချက်တွေ ပါဝင်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ ဒီနှစ်မှာ ထူးခြားတဲ့အချက်အဖြစ် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေး အရာရှိရဲ့ လုပ်ပိုင်ခွင့်အဆင့်ကို ဘယ်လိုသတ်မှတ်မလဲ ဆိုတာနဲ့ ပတ်သက်လို့ နိုင်ငံအသီးသီးက သံတမန်တွေ အကြိတ်အနယ် ဆွေးနွေးနေကြပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်တွေထဲမှာ ဘာတွေပါဝင် တိုက်တွန်းသင့်တယ်ဆိုတာနဲ့ ပတ်သက်ပြီး အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက သံတမန်တွေကို လိုက်လံတွေ့ဆုံ လှုံ့ဆော်နေပါတယ်။ ကိုယ်တိုင်ရောက်ရှိ လှုံ့ဆော်နေတဲ့ Equality Myanmar လူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းကို ဆက်သွယ်မေးမြန်းပါတယ်။ ဦးအောင်မျိုးမင်းတို့ ရောက်ရှိနေတဲ့ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ မြန်မာနိုင်ငံမှာ လူအခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ မစ္စရန်ဟီးလီရဲ့ အစီရင်ခံစာဟာ ချဲ့ကားပြောတာလို့ မြန်မာကိုယ်စားလှယ်က တုံ့ပြန်တယ် ကြားရတယ်။ အဲဒီအခြေအနေကို ရှင်းပြပါလား။ “လက်ရှိမှာကတော့ ဒီလူ့အခွင့်အရေးကောင်စီမှာ အစီအစဉ် ၂ ခု ရှိနေတာပေါ့။ တခုကတော့ ပုံမှန်အစည်းအဝေးဖြစ်တယ်။ မြန်မာနိုင်ငံက လူ့အခွင့်အရေးဆိုင်ရာ အဆိုးဝါးဆုံးနိုင်ငံ လုပ်ထုံးလုပ်နည်းမှာ ပါတဲ့အတွက် မစ္စရန်ဟီးလီက သူ့ရဲ့  အစီရင်ခံစာ တင်ပြတဲ့ အစီအစဉ်က ပုံမှန်အစည်းအဝေးမှာ ပါနေတယ်။ ပြီးခဲ့တဲ့ ၁၅ ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ မစ္စရန်ဟီးလီက သူ့တင်ပြချက်ကို တင်တယ်။ တင်တော့ ထုံးစံအတိုင်းပဲ ဖြစ်ပျက်နေတဲ့ နိုင်ငံရေးကိစ္စတွေ၊ နိုင်ငံသားအကျဉ်းသားကိစ္စတွေ၊ စစ်ပွဲတွေ၊ အမျိုးသမီးပေါ် အကြမ်းဖက်မှုနဲ့ ရခိုင်ပြည်နယ်ကိစ္စ၊ နောက်တခါ တရားဥပဒေတွေကိစ္စကို သူက တင်ပြတယ်ဗျ။ "တင်ပြလို့ ပြီးလည်းပြီးရော ကုလသမဂ္ဂရဲ့ အမြဲတမ်းအတွင်းဝန် ဦးမောင်ဝေကနေ ဒီထဲမှာပါတဲ့ အချက်တွေက အရင်အစိုးရ ပြောခဲ့သလိုပဲ အခြေအမြစ်မရှိဘူး။ ချဲ့ကားပြီး  ပြောဆိုတာတွေဖြစ်တယ်။ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဆိုတဲ့ဟာက တကယ့် အမှန်တကယ်မဟုတ်ဘူး ပြောတယ်။ နောက်တခါ နိုင်ငံရေးအကျဉ်းသားတွေက ဒီလိုမျိုး ဖမ်းဆီးမှုက နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ၊ နိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းနဲ့ ဒါတွေက အနှောင့်အယှက် ဖြစ်စရာမို့၊ သူတို့က ရာဇ၀တ်မှုကျူးလွန်လို့ ဖမ်းဆီးတဲ့လူတွေ ဖြစ်တယ်လို့ ပြောသွားတယ်။ နောက်တခုက နိုင်ငံတွေ တော်တော်များများထဲမှာ ဘာသာရေးဆိုင်ရာ လွတ်လပ်မှုကို တောင်းဆိုတာ ရှိတယ်ဗျ။ အဲဒီတောင်းဆိုတဲ့ထဲမှာ ဘာသာရေးဆိုင်ရာကိစ္စ ပြောဆိုခြင်းက မဖြစ်သင့်ဘူး၊ အဲဒါက အမှန်တော့ နိုင်ငံပေါ်မှာ မုန်းတီးမှုဖြစ်အောင် လှုံ့ဆော်တဲ့ မုန်းတီးမှု ပြောဆိုခြင်း (hate speech) တွေပဲဖြစ်တယ်လို့ တုံ့ပြန်ပြောသွားတာကို တွေ့ရတယ်။ "လက်ရှိအခြေအနေကတော့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို အခု မူကြမ်းကို ဘယ်လိုတင်မလဲဆိုတာကို နိုင်ငံတော်ကြားထဲမှာ အကြိတ်အနယ် ဆွေးနွေးနေတယ်ဗျ။ အဲဒီမူကြမ်းကို စပြီး ရေးဆွဲတာကတော့ ဥရောပကောင်စီ အီးယူဖြစ်တယ်။ သူတို့ရဲ့စာထဲမှာ နောက်ဆုံး ဘာတွေ ပါသင့်လဲ၊ ဘာတွေ တောင်းဆိုသင့်လဲ၊ အထူးသဖြင့် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအရာရှိ မစ္စရန်ဟီးလီရဲ့ သက်တမ်းကို တိုးသင့်လား၊ မတိုးသင့်ဘူးလား၊ တိုးရင်ကော ဘယ်အဆင့်မျိုးနဲ့ တိုးသင့်လဲဆိုတာကို အကြိတ်အနယ် ဆွေးနွေးနေတုန်းပဲ။ မကြာမီ ၂ ရက် ၃ ရက်အတွင်းမှာ ဒီမူကြမ်းကို သူတို့အနေနဲ့ လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အနေနဲ့ တင်သွင်းဖို့အတွက် လုပ်ဆောင်တယ်။ အဲဒါက ဘယ်လိုမျိုး ဖြစ်လာမယ်ဆိုတာ အခုချိန်ထိ (မတ် ၁၆ ရက်) စောင့်ကြည့်နေတုန်းပါပဲ။" မြန်မာနိုင်ငံကို စုံစမ်းစစ်ဆေးတဲ့အဆင့် နံပါတ် ၁၀ ကနေ နံပါတ် ၄ ကို လျှော့ချမယ်လို့ ကြားသိရလို့၊ အဲဒါ ဘယ်လိုအဆင့်မျိုးလဲ။ အဲဒီအစီအစဉ်ကို သြစတြေးလျလို နိုင်ငံကပါ ထောက်ခံနေတယ်ဆို ဟုတ်လား။ “ဟုတ်ကဲ့ မူကြမ်းထဲမှာ မစ္စရန်ဟီးလီရဲ့ စုံစမ်းစစ်ဆေးရေးအရာရှိ သက်တမ်းကို တိုးမြှင့်ဖို့ရယ်၊ ဘယ်လိုအဆင့် လုပ်ဆောင်မယ်ဆိုတာ ဆွေးနွေးနေပါတယ်။ အခုလက်ရှိ အဆင့်အတန်းကတော့ မစ္စရန်ဟီးလီက ယူအန်  ၄ (UN Item 4) လို့ခေါ်တဲ့ အဆင့်ဖြစ်ပါတယ်။ အဲဒီအဆင့်အရဆိုရင် စုံစမ်းစစ်ဆေးရေးအရာရှိက အဲဒီနိုင်ငံရဲ့ လူ့အခွင့်အရေးကိစ္စတွေကို စုံစမ်းနိုင်တယ်၊ စုံစမ်းပြီးတော့ ရရှိတဲ့ အချက်အလက်တွေကို လူ့အခွင့်အရေးကောင်စီ၊ နောက်တခုက ကုလသမဂ္ဂ အထွေထွေညီလာခံအထိ တင်ပြပြီးတော့ အကြံဉာဏ်တွေ ပေးနိုင်တဲ့အဆင့် ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလုပ်ငန်းတွေကို တချို့နိုင်ငံတွေက အခုချိန်မှာ မလိုတော့ဘူးလို့ တင်ပြတဲ့အချက်ဖြစ်တယ်။ အဲဒီထဲမှာ အဓိက အာဆီယံ၊ တရုတ်၊ အိန္ဒိယနဲ့ ထူးထူးခြားခြာ သြစတြေးလျနိုင်ငံပါ ပါဝင်တာ တွေ့ရတယ်။ (မှတ်ချက်။                ။ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေး အရာရှိကို ၁၉၉၂ ခုနှစ်ကတည်းက UN Item 4 အရ ခန့်အပ်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး တိုးတက်မှုတွေ ရှိလာတယ်ဆိုပြီး အာဆီယံနိုင်ငံ အပါအဝင် နိုင်ငံတချို့က Item 4 အစား Item 10 အရ ပြောင်းလဲခန့်အပ်ဖို့ တင်ပြလာကြပါတယ်။ ထူးခြားတာက အဆင့်လျှော့ချဖို့ ပြောတဲ့နိုင်ငံတွေထဲမှာ ဩစတြေးလျနိုင်ငံကလည်း ပါနေပါတယ်။) "သူတို့က ဘာကိုတောင်းဆိုလဲဆိုရင်တော့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကိစ္စတွေ တိုးတက်လာတာရှိတယ်၊ ဒါကြောင့်မို့လို့ အဆင့် ၄ ဆိုတဲ့ item 4 မထားဘဲနဲ့ အဆင့် ၁၀ အဆင့်အထိ လျှော့ချဖို့ သူတို့ပြောပါတယ်။ အဆင့် ၁၀ ဆိုတာကတော့ အထူးစုံစမ်းစစ်ဆေးရေး အရာရှိကို စုံစမ်းစစ်ဆေးခွင့်တွေပေးတာ မဟုတ်ဘဲနဲ့ အစိုးရကနေ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်တဲ့ကိစ္စတွေ၊ စွမ်းရည်မြှင့်တင်ရေး ကိစ္စတွေမှာပဲ အကူအညီပေးဖို့အဆင့် ဖြစ်သွားတယ်။ အဲဒါမျိုး တောင်းဆိုနေတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီအယူအဆ ၂ ခု အခုအချိန်မှာ အပြန်အလှန် ငြင်းခုံနေကြတယ်လို့ ကျနော်ပြောပါရစေ။ ဘယ်လိုမျိုးဖြစ်နိုင်လဲဆိုရင်တော့ ကျနော်တို့ကတော့ Item 4 ကို ဆက်ပြီး ထားစေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်က တဘက်မှာ အရပ်သားအစိုးရဘက် ကူးပြောင်းတာဖြစ်ပေမယ့် အခုမှ စပ်ကူးမတ်ကူးကာလပဲ ဖြစ်သေးတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်ခဲ့တဲ့ အရင်အစိုးရရဲ့ အရိပ်အာဝါသတွေ မကင်းသေးဘူး။ အထူးသဖြင့် အစိုးရသစ်အနေနဲ့ လူ့အခွင့်အရေး အများဆုံး ချိုးဖောက်ခံရတယ်လို့ စွပ်စွဲခံရတဲ့ လက်နက်ကိုင်တပ်မတော်၊ ရဲတပ်ဖွဲ့ အဲဒီကိစ္စတွေကို ဖြေရှင်းဖို့က လိုအပ်သေးတာကြောင့်မို့လို့ အဆင့်လျှော့လိုက်ခြင်း မလုပ်သေးဘဲ နောက်ထပ်တနှစ်တော့ အနည်းဆုံး လက်ရှိ စုံစမ်းစစ်ဆေးနိုင်တဲ့ အဆင့်ကို ထားဖို့အတွက် ကျနော်တို့လည်း ၀ိုင်းဝန်းပြီးတော့ လှုံ့ဆော်နေတာ ရှိပါတယ်။” အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေထဲက ရောက်နေကြတယ်လို့ သိရပါတယ်။ ဘယ်အဖွဲ့အစည်းတွေ၊ ဘယ်လောက်ပါကြတယ်၊ အဓိက ဘာတွေလုပ်ကြတယ်ဆိုတာ အကျဉ်းချုံးပြောပြပါ။ “ကျနော်တို့ မြန်မာပြည်ကနေ ၁၅ ယောက်လောက် ရောက်ပါတယ်။ အဲဒီထဲမှာ ကျနော်တို့ Cardinal Charles Bo အပါအ၀င် ဘာသာရေးကိစ္စ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေ ပါပါတယ်။ နောက်တခါ လက်နက်ကိုင်ဒေသတွင်းက အမျိုးသမီး အခြေအနေကို စောင့်ကြပ်နေတဲ့ တိုင်းရင်းသား အမျိုးသမီး အဖွဲ့အစည်းတွေ ပါပါတယ်။ လူ့အခွင့်အရေးကိစ္စ လုပ်ဆောင်နေတဲ့ ကျနော်တို့လို အဖွဲ့မျိုးတွေ၊ ပြည်တွင်းက အဖွဲ့အစည်းတွေလည်း ပါပါတယ်။ အဲဒီတော့ အဓိက ကျနော်တို့က အမျိုးသမီးအပေါ် အကြမ်းဖက်မှု၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအရေးနဲ့ လယ်ယာမြေကိစ္စတွေ၊ နောက်တခါ တိုင်းရင်းသား လက်နက်ကိုင်စစ်ပွဲတွေမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာ ဒါတွေတင်ပြဖို့အတွက် နိုင်ငံက သံအမတ်တွေ တွေ့ဆုံသလို side event လို့ခေါ်တဲ့ အစည်းအဝေးတွေ သီးခြားပြုလုပ်ပြီးတော့ လုပ်ဆောင်နေပါတယ်။ ဒီကနေ့ဆိုရင် ကျနော်တို့အနေနဲ့ from recommendation to reality ဆိုတဲ့ ဟောပြောပွဲတခု လုပ်ပါမယ်။ သံတမန်တွေနဲ့ မီဒီယာတွေ တက်ရောက်ပါမယ်။ ဆိုလိုတဲ့အချက်ကတော့ မြန်မာပြည်နဲ့ပတ်သက်လို့ အကြံပေးချက်တွေ recommendation တွေ ပေါ်ပေါက်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ recommendation တွေကို အစိုးရက လေးစားဖို့ မဖြစ်တဲ့အတွက် လက်တွေ့ အကောင်အထည်ဖော်မှု အားနည်းနေတယ်။ အဲဒါတွေကို ကျနော်တို့ သင်ခန်းစာယူပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ပြီးခဲ့တဲ့ recommendation တွေကို တိုင်းပြည်တွင်းမှာ ဘယ်လို ဆက်လက်ပြီးတော့ အကောင်အထည်ဖော်အောင် လုပ်ဆောင်ကြမလဲ။ ဘာကြောင့် ဆက်လက်ပြီးတော့ ဒါတွေ ဖိအားပေးသင့်လဲဆိုတဲ့ အကြောင်းကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။” အခု အရပ်သားအစိုးရကလည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကြီးကြပ်ကိုင်တွယ်မယ်ဆိုတဲ့ အနေအထားမျိုးမှာ မြန်မာနိုင်ငံအပေါ် အရင်က ဖိအားပေးခဲ့ကြတဲ့ နိုင်ငံတွေက ပေါ့ပေါ့လျော့လျော့ ဖြစ်သွားနိုင်မယ့် အနေအထားမျိုးတွေ မြင်ရလား။ “ဆွေးနွေးတဲ့အထဲမှာ ကျနော်တို့ ရွေးကောက်ပွဲ ချောချောမွေ့မွေ့ ဖြစ်တာတွေ၊ အာဏာလွှဲပြောင်းဖို့ အခုအချိန်ထိ အဆင်ပြေပြေဖြစ်တာတွေ အားလုံးကို အသိအမှတ်ပြုပါတယ်။ ကြိုဆိုပါတယ်။ ကျနော်တို့လည်း ကြိုဆိုပါတယ်။ အထူးသဖြင့် ပထမဦးဆုံး အရပ်သားသမ္မတအဖြစ် တင်မြှောက်နိုင်တာ ကျနော်တို့ မြန်မာနိုင်ငံသားတယောက် အနေနဲ့ အရမ်းဂုဏ်ယူပါတယ်။ အဲဒီတော့ အစိုးရသစ်အနေနဲ့ လူ့အခွင့်အရေးကိစ္စတွေကို အရင်ကထက် ပိုမိုပြီး အကောင်အထည်ဖော်သွားမယ်၊ လေးစားသွားမယ်လို့လည်း မျှော်လင့်ပါတယ်။ ဒါပေမယ့် ပြဿနာက လက်ရှိအစိုးရက လုပ်ဆောင်နိုင်သည့်တိုင်အောင် အရင်တုန်းက အစိုးရက လုပ်ဆောင်ခဲ့တဲ့အမှုတွေ ကျန်ပါသေးတယ်။ တချိန်တည်းမှာပဲ လုပ်ဆောင်မှုအပိုင်းမှာ ပွန်းတိုက်မှုတွေ အများကြီးရှိနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ လူ့အခွင့်အရေးကိစ္စကို အများဆုံး ချိုးဖောက်တယ်လို့ ပြောထားတဲ့ ပြည်ထဲရေးဌာနမျိုးတွေ၊ ကာကွယ်ရေးဌာနမျိုးတွေကို အခုချိန်ထိ တပ်မတော် ကာချုပ်ကပဲ သြဇာအာဏာလွှမ်းမိုးပြီး လုပ်ဆောင်တဲ့အခါမှာ အစိုးရသစ်အနေနဲ့ ဒါကို ကိုင်တွယ်ဖြေရှင်းရခက်နေတဲ့ဟာမျိုး ပွန်းတိုက်မှုတွေတော့ ဖြစ်နိုင်ပါတယ်။ ဒါကြောင့်မို့လို့ တဘက်မှာ ကြိုဆိုသလို တဘက်မှာလည်း ဆက်လက်စောင့်ကြည့်ဖို့ လိုအပ်နေသေးတယ်။ အစိုးရသစ်အနေနဲ့ ဒါတွေ လုပ်ဆောင်တဲ့အခါမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ကျနော်တို့အနေနဲ့ ဘယ်လိုမျိုး ပူးပေါင်းဆောင်ရွက်နိုင်မလဲ။ စစ်မှန်တဲ့ လူ့အခွင့်အရေး စနစ်တခု၊ ၀ါဒတခု ထွန်းကားဖို့အတွက် ကျနော်တို့ ဘယ်လိုမျိုး လုပ်ဆောင်မလဲဆိုတာ စောင့်ကြည့်ဖို့အတွက် လိုအပ်နေသေးတယ်ဆိုတာ တင်ပြနေပါတယ်ခင်ဗျ။"
5 years Ago
Up