ကုလ လုံခြုံရေးကောင်စီ ကြေညာချက် မြောက်ကိုရီးယားအစိုးရ ပယ်ချ

February 16, 2017

ကုလ လုံခြုံရေးကောင်စီ ကြေညာချက် မြောက်ကိုရီးယားအစိုးရ ပယ်ချ

မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်လွှတ်မှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ကြေညာချက်ကို မြောက်ကိုရီးယားအစိုးရက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ပယ်ချလိုက်ပါတယ်။ သူ့ရဲ့ စမ်းသပ်မှုအားလုံးဟာ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့၊ နိုင်ငံသားတွေကို ကာကွယ်ဖို့ လုပ်ဆောင်ချက်သာ ဖြစ်တယ်လို့ ကြေညာပါတယ်။ သီတင်းပတ်ကုန်ပိုင်းက လုပ်ခဲ့တဲ့ မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်လွှတ်မှုကို ကုလ လုံခြုံရေးကောင်စီက ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ပြစ်တင် ရှုတ်ချခဲ့ပြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေ အားဖြည့်ဖို့ အားထုတ်မှုတွေ ၂ ဆလုပ်ကြဖို့ အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းခဲ့ပါတယ်။ ဘယ်လိုအရေးယူမှုတွေ လုပ်မလဲဆိုတဲ့ ညွှန်ကြားချက်ကိုတော့ မပေးခဲ့ပါဘူး။ ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကြီးအသစ် ဟန်တေးဆွန်းဟာ သူရာထူးရပြီး နောက်တနေ့မှာပဲ လက်နက်ဖြုတ်သိမ်းရေးညီလာခံမှာ မိန့်ခွန်းပြောခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၂ ရက်နေ့က တာလတ်ကနေ တာဝေးပစ် ဒုံးကျည် အောင်အောင်မြင်မြင် ပစ်လွှတ်စမ်းသပ်နိုင်ခဲ့တယ်၊ ဒါဟာ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ လုပ်ဆောင်ချက်ဖြစ်တယ်၊ ကုလလုံခြုံရေးကောင်စီရဲ့ နောက်ဆုံး ကြေညာချက်နဲ့ မြောက်ကိုရီးယားအပေါ် ကုလဆုံးဖြတ်ချက် အားလုံးကို ခိုင်ခိုင်မာမာ ပယ်ချတယ်လို့ သူက အဖွဲ့ဝင် ၆၁ နိုင်ငံ တက်ရောက်နေတဲ့ ဖိုရမ်မှာ ပြောခဲ့ပါတယ်။ ဒေသတွင်း ငြိမ်းချမ်းလုံခြုံရေးကို လှိုက်စားမယ့် ကျူးကျော်ရန်စတဲ့ လုပ်ရပ်တွေ ထပ်မလုပ်ဖို့၊ ကုလလုံခြုံရေးကောင်စီက ချမှတ်တဲ့ ဆုံးဖြတ်ချက်ကို လိုက်နာဖို့ လက်နက်ဖြုတ်သိမ်းရေးဆိုင်ရာ ဂျပန်သံအမတ်ကြီးက ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာ အစည်းအဝေးမှာ ပြောပါတယ်။ အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယား စစ်ဘက်အရာရှိတွေကတော့ ဖေဖော်ဝါရီ ၁၃ ရက်နေ့က တယ်လီကွန်ဖရင့်ညီလာခံ ခေါ်ယူ ဆွေးနွေးခဲ့တာပါ။ မြောက်ကိုရီးယားရဲ့ စမ်းသပ်မှုဟာ လုံခြုံရေးကောင်စီဆုံးဖြတ်ချက် အတော်များများကို ချိုးဖောက်တာ ရှင်းနေတယ်လို့ ပြောရင်း ပြစ်တင် ရှုတ်ချခဲ့ပါတယ်။ အမေရိကန်ကတော့ မြောက်ကိုရီးယားကို ထိန်းချုပ်ရေး အစုအဖွဲ့လိုက် အရေးယူမှုလုပ်ဖို့ ဆော်သြခဲ့ပါတယ်။
4 years Ago
Up