ကုလ လုံခြုံရေးကောင်စီ၏ ဒဏ်ခတ်ပိတ်ဆို့မှုကို မြောက်ကိုရီးယား ပယ်ချ

June 5, 2017

ကုလ လုံခြုံရေးကောင်စီ၏ ဒဏ်ခတ်ပိတ်ဆို့မှုကို မြောက်ကိုရီးယား ပယ်ချ

မြောက်ကိုရီးယားနိုင်ငံသားတွေနဲ့ လုပ်ငန်းတွေအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ လတ်တလော ဒဏ်ခတ်ပိတ်ဆို့မှုကို အပြည့်အဝပယ်ချပြီး လက်နက်တီထွင်ထုတ်လုပ်မှုတွေကို ဆက်လုပ်သွားမယ်လို့ မြောက်ကိုရီးယားအစိုးရ မီဒီယာက ဇွန်လ ၄ ရက်နေ့မှာ အစီရင်ခံပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြောက်ကိုရီးယားအပေါ် ပစ်မှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို တိုးချဲ့ ချမှတ်ခဲ့တာပါ။ ဒီဆုံးဖြတ်ချက်ဟာ မြောက်ကိုရီးယားရဲ့ အဓိကမဟာမိတ် တရုတ်အစိုးရနဲ့ သမ္မတ ဒေါ်နယ်လ်ထရမ့် ဦးဆောင်တဲ့ အမေရိကန်အစိုးရတို့ ပထမဆုံး သဘောတူတဲ့ ဆုံးဖြတ်ချက်လည်း ဖြစ်ပါတယ်။ ဒီဒဏ်ခတ်မှုဟာ မြောက်ကိုရီးယားအပေါ် စီးပွားရေးအရ အကျပ်အတည်းတွေ့စေဖို့၊ လက်နက်ဖြုတ်သိမ်းဖို့နဲ့ နျူကလီးယားတပ် တည်ဆောက်မှုကို ထိန်းချုပ်ကန့်သတ်ဖို့ ရည်ရွယ်ထားတယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရက ကြေညာချက် ထုတ်ပြန်ပါတယ်။ အဲဒီကြေညာချက်ကို အစိုးရမီဒီယာ ကေအာတီက ထုတ်လွှင့်ခဲ့တာပါ။ မြောက်ကိုရီးယားဟာ သူ့ရဲ့ ပထမဆုံး နျူကလီးယား စမ်းသပ်မှုအပြီး ၂၀၀၆ ခုနှစ်ကတည်းက ကုလ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အားလုံးကို ပယ်ချခဲ့တာပါ။ ဒီဆုံးဖြတ်ချက်တွေဟာ သူ့နိုင်ငံ ကာကွယ်ရေးအတွက် အချုပ်အခြာ အခွင့်အရေးကို တိုက်ရိုက်ထိပါး ချိုးဖောက်တယ်လို့လည်း ပြောပါတယ်။
4 years Ago
Up