ကုလ တိုက်တွန်

December 6, 2020

ကိုဗစ်ကာကွယ်ဆေးအတွက် ချမ်းသာနိုင်ငံများ ဆင်းရဲသည့်နိုင်ငံများကို နင်းခြေခြင်းမလုပ်ရန် ကုလ တိုက်တွန်း

လာမယ့်နှစ်ဟာ လူသားချင်း စာနာမှုဆိုင်ရာ ကပ်ဆိုးကြီးဖြစ်မယ့် နှစ်တနှစ် ဖြစ်လာနိုင်လို့ ချမ်းသာတဲ့ နိုင်ငံတွေအနေနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေးအတွက် အလုအယက် ကြိုးစားရာမှာ ဆင်းရဲတဲ့နိုင်ငံတွေကို နင်းခြေစော်ကားတာ မလုပ်ကြဖို့ ကုလသမဂ္ဂ ထိပ်တန်း အရာရှိတွေက ဒီဇင်ဘာ ၄ ရက်မှာ ပြောလိုက်ပါတယ်။  ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီး WFP နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO တို့ရဲ့ အကြီးအကဲ တွေက ကုလသမဂ္ဂ ကိုဗစ်-၁၉ အထူးအစည်းအဝေးမှာ ပြောလိုက်တာပါ။  လောလောဆယ်ထိ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံဦးရေ ၆၅သန်းကျော် ရှိနေပြီး ကူးစက်ခံ သေဆုံးသူ ဦးရေ ၁ သန်းခွဲ ကျော်နေပါပြီ။ ကူးစက်မှု ဟန့်တားရေး လုပ်ဆောင်ချက်တွေကြောင့် စီးပွားရေး ထိခိုက်တဲ့အတွက် လူသားချင်းစာနာမှု အကူအညီ လိုအပ်လာတဲ့ လူဦးရေဟာ အရင်ကထက် ၄၀ ရာခိုင်နှုန်း ပိုတိုးလာတာကြောင့် ရန်ပုံငွေ ၃၅ ဘီလီယံ ပံ့ပိုးကြဖို့ ကုလသမဂ္ဂက မေတ္တာရပ်ခံထားပါတယ်။  ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂုတားရဲ့စ်နဲ့ ထိပ်တန်း အရာရှိတွေကလည်း ကာကွယ်ဆေးကို အားလုံးရအောင် လုပ်ကြဖို့နဲ့ ချမ်းသာတဲ့ နိုင်ငံတွေက ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ကပ်ဘေး တိုက်ဖျက်ရေးနဲ့ နာလန်ထူရေးမှာ ကူညီကြဖို့ ဆော်သြခဲ့ကြပါတယ်။   WHO ညွှန်ချုပ်ကလည်း ကိုဗစ်-၁၉ ကပ်ရောဂါဟာ ကမ္ဘာ့အကြပ်အတည်းဖြစ်လို့ ကမ္ဘာ့ ပြည်သူတွေ အကျိုးစီးပွားအတွက် ဖြေရှင်းနည်းကို မျှမျှတတ ဖြစ်စေရမယ်၊ ကာကွယ်ဆေး မျှဝေရေး အစီအစဉ‌ေအတွက် အမေရိကန်ဒေါ်လာ ၄.၃ ဘီလီယံ အမြန်လိုအပ်တယ်လို့ ပြောဆို မေတ္တာရပ်ခံလိုက်ပါတယ်။ ကာကွယ်ဆေးအတွက် လတ်တလော တိုးတက်မှုတွေက အပြုသဘောဆောင်ပေမယ့် အခုမှ လိုဏ်ခေါင်းတဖက်က အလင်းရောင်လေးကို စပြီး မြင်ရခါစပဲ ရှိပြီး ကပ်ကြီးပြီးပြီဆိုတဲ့ သဘောထားအမြင်တွေ တိုးလာမှာကို စိုးရိမ်တယ်လို့ ဆိုပါတယ်။
4 months Ago
Up