ကုလပြစ်တင်

January 6, 2018

သေဒဏ်ကျ အကျဉ်းသားများအပေါ် အီဂျစ်အစိုးရဆက်ဆံပုံ ကုလပြစ်တင်

အီဂျစ်အစိုးရက သေဒဏ်ပေးခဲ့တဲ့ အကျဉ်းသားတွေကို ဆက်ဆံပုံအပေါ် ကုလသမဂ္ဂက ဇန်န၀ါရီ ၅ ရက်နေ့မှာ ပြစ်တင် ဝေဖန်လိုက်ပါတယ်။ အစ္စလာမ္မစ် စစ်သွေးကြွအဖြစ် စီရင်ချက်ချခံရတဲ့ လူတဒါဇင်ကျော်ကို လတ်တလောမှာ သေဒဏ်စီရင်ခဲ့လို့ ခုလို ပြစ်တင်လိုက်တာပါ။ “အီဂျစ်မှာ တပတ်အတွင်း လူအယောက် ၂၀ သေဒဏ် စီရင်ခံရလို့ ကျနော်တို့ နက်နက်ရှိုင်းရှိုင်း ထိတ်လန့်တုန်လှုပ်ရတယ်” လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး ပြောခွင့်ရ လစ်ဇ် သရော့ဆဲလ်က ပြောပါတယ်။ “တရားမျှတတဲ့ တရားရေး စနစ်အရ အစီအစဉ်အတိုင်း ဟုတ်ရဲ့လားဆိုတာ စိုးရိမ်တယ်။ အရပ်ဘက် တရားရုံးတွေက ပေးတဲ့ ခုခံလျှောက်လဲသူ အခွင့်အရေးတွေကို စစ်ခုံရုံးတွေက ငြင်းလေ့ ရှိတယ်” လို့ သူက ဆက်ပြောပါတယ်။ စီနိုင်းကျွန်းဆွယ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို သတ်ဖြတ်တိုက်ခိုက်မှုအတွက် စီရင်ချက် ချခံရတဲ့ အမျိုးသား ၁၅ ယောက်ကို အီဂျစ်အစိုးရက ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ကြိုးပေးကွပ်မျက် ခဲ့ပါတယ်။ ဇန်နဝါရီ ၂ ရက်နေ့မှာတော့ နိုင်းမြစ်ဝှမ်းက ကာဖီယာ အယ်လ်ရှိတ်ခ်မြို့မှာ ဗုံးခွဲမှု အတွက် အမျိုးသား ၄ ယောက်ကို ကြိုးပေးခဲ့တာပါ။ သမ္မတဟောင်း မိုဟာမဒ် မာစီရဲ့ မွတ်စလင် ညီနောင်များအဖွဲ့ သြဇာကျအပြီး အကြမ်းဖက်မှုအတွင်း ဗုံးခွဲခဲ့လို့ ခုလိုစီရင်တာလို့ ဆိုပါတယ်။ သမ္မတဟောင်း မာစီ ရာထူးကျပြီး နောက်ပိုင်း မွတ်စလင်ညီနောင်များအဖွဲ့ကို အာဏာပိုင်တွေက ဖျက်သိမ်းပြီး အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာခဲ့ပါတယ်၊ ထောင်နဲ့ချီတဲ့ အဖွဲ့ဝင်တွေ၊ ထောက်ခံသူတွေကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး စီနိုင်းကျွန်းဆွယ်ထဲက အစ္စလာမ္မစ်နိုင်ငံအမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေရဲ့ သူပုန်ထမှု တိုးလာတာကို အီဂျစ်အစိုးရက ရင်ဆိုင်နေရပါတယ်။
3 years Ago
Up