ကုလားအုပ် ၁ ကောင်

January 30, 2020

၃ ရက်ကြာပျောက်ဆုံးနေသည့် ကုလားအုပ် ကြာကန်ထဲ ရေနစ်သေဆုံး

ထိုင်းနိုင်ငံအလယ်ပိုင်း ချချိန်းဆောင်းခရိုင်ထဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက်နေ့က ကုလားအုပ် ၁ ကောင် ပျောက်ဆုံးခဲ့ပြီး ဂလိုက်တာစက်မဲ့လေယာဉ် ၁၀ စင်း၊ ဒရုန်းနဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင် ၃၀ ကျော်တို့ဟာ ၃ ရက်တိုင် ကြိုးစားပမ်းစား ရှာဖွေခဲ့ရပါတယ်။  အဆိုပါ ကုလားအုပ်ဟာ အာဖရိကတိုက်ကနေ ထိုင်းနိုင်ငံကို လေယာဉ်နဲ့ တင်ဆောင်လာတဲ့ ကုလားအုပ် အကောင် ၆၀ ထဲက ၁ ကောင်ဖြစ်ပြီး သုဝဏ္ဏဘုမိလေဆိပ်မှ ပရကျင်းပူရီခရိုင် တိရစ္ဆာန်ရုံကို ပို့ဆောင်ဖို့ ကွန်တိန်နာကားနဲ့ တင်ဆောင်လာစဉ် မီးပွိုင့်တခုမှာ ကားပေါ်က ခုန်ချသွားခဲ့တာပါ။  ကားပေါ်က ခုန်ချသွားတဲ့ ကုလားအုပ်မှာ အစောပိုင်းက ၂ ကောင်ရှိပြီး ၁ ကောင်ကိုတော့ တာဝန်ရှိသူတွေက မေ့ဆေးသေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။  နောက် ၁ ကောင်ကတော့ ဘယ်ဘက်ခြေထောက်ကို ထိမှန်သွားပြီး နာရီပေါင်း အတော်ကြာ ပျောက်ဆုံးနေခဲ့တာပါ။  ပျောက်ဆုံးနေတဲ့ကုလားအုပ်ကို ရှာဖွေဖို့ သတင်းဌာနပေါင်းစုံက ဒရုန်းတွေ လွှတ်တင်ရှာဖွေခဲ့သလို ဂလိုက်တာစက်မဲ့လေယာဉ်ပေါင်း ၁၀ စီးခန့်ကလည်း ဝေဟင်ကနေ လှည့်ပတ်ရှာဖွေခဲ့ပါတယ်။ မြေပြင်မှာလည်း ဒေသခံရွာသားနဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေ၊ တိရစ္ဆာန်ရုံက ဝန်ထမ်းတွေပါ လူပေါင်း ၃၀ ကျော်မှ ဧရိယာအကျယ်အဝန်း ၅ ကီလိုမီတာလောက်မှာ ပိုက်စိပ်တိုက်ရှာဖွေခဲ့တာပါ။  ဒီကနေ့ မွန်းလွဲပိုင်းမှာတော့ မြေပြင်ရှာဖွေရေးအဖွဲ့က ချချိန်းဆောင်းဂေါက်ကွင်းတဝိုက် ကုလားအုပ်ခြေရာလို့ယူဆရတဲ့အရာ နောက်လိုက်လံရှာဖွေရာမှာ ကားပေါ်က ခုန်ချသွားတဲ့မီးပွိုင့်နဲ့ ၂ ကီလိုအကွာ ဘန့်ခလာရပ်ကွက် ကားလမ်းမကြီးနဘေး ကြာကန်ထဲမှာ ရေနစ်သေဆုံးနေတာကို တွေ့ခဲ့ရပါတယ်။  အဆိုပါ ကုလားအုပ်ဟာ လွန်ခဲ့တဲ့  ၁ ရက်လောက်ကတည်းက သေဆုံးခဲ့ပြီဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။  သေဆုံးသွားတဲ့ ကုလားအုပ်ဟာ ၄ နှစ်သားအရွယ်သာရှိသေးပြီး ၁ ကောင်ကို ဘတ် ၅ သန်းတန်ဖိုးရှိတယ်လို့ အဆိုပါကုလားအုပ်တွေကို တာဝန်ယူသယ်ဆောင်လာသူ ဆာဖာ ရီဝေ့ဖ်ကုမ္ပဏီ ဥက္ကဋ္ဌ နိုင်းဖိန်းခရုခချားက သတင်းထောက်တွေကို ပြောသွားပါတယ်။  ကိုးကား - ထိုင်းရတ် / ခေါဝ်ဆွတ် / Amarin TV 
1 year Ago
Up