မြန်မာတပ်မတော်ခေါင်းဆောင် ၆ ဦးကို လူမျိုးသုဉ်းသတ်ဖြတ်မှုအပါအ၀င် လူ့အခွင့်အရေးချိုးဖောက်မှုစွပ်စွဲချက်နဲ့ နိုင်ငံတကာ ဥပဒေအရအရေးယူဖို့ တိုက်တွန်းထားတဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာကို မြန်မာအစိုးရက ပယ်ချလိုက်ပါတယ်။
လူ့အခွင့်အရေးကောင်စီရဲ့ဆုံးဖြတ်ချက်မှာ မြန်မာနိုင်ငံက ပါဝင်ပတ်သက်ခဲ့ခြင်းမရှိတဲ့ အတွက် ဒီဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်တဲ့ Fact - Finding Mission အချက် အလက်ရှာအဖွဲ့ကို ဖွဲ့စည်းဖို့ကို မြန်မာအစိုးရက လက်မခံခဲ့သလို ဒီအဖွဲ့ရဲ့ အစီရင်ခံစာကိုလည်း လက်မခံဘူးလို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မီဒီယာတွေကိုပြောပါတယ်။
“Fact-Finding Mission Report နဲ့ ပတ်သက်လို့ ရှင်းတယ်။ မြန်မာနိုင်ငံအနေနဲ့ လူ့အခွင့်အရေးကောင်စီ resolution (ဆုံးဖြတ်ချက်)ကိုလက်မခံဘူး။ အဲဒီ resolution ကို အကောင်အထည် ဖော်တဲ့ Fact-Finding Mission ဆောင်ရွက်ချက်တွေကို ကျနော်တို့က လက်မခံဘူး။ ဒါကို ပြတ်ပြတ်သားသား ကျနော်ပြောချင်တယ်”လို့ ပြောပါတယ်။
အစိုးရအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးဖို့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းဆောင်ရွက်ရွက်နေသလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း လုံးဝသည်းခံ ခွင့်လွှတ်မှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။
“တပ်မတော်ဘက်ရော၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဘက်ကိုရော ပြောထားတယ်။ အဲဒါကိုလည်း အဆင့်ဆင့် ပြောထားပြီးသားဖြစ်တယ်။ အကယ်၍ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိခဲ့တယ် ဆိုရင် ချိုးဖောက်မှု တွေရှိကြောင်း ခိုင်မာတဲ့၊ ခိုင်လုံတဲ့ အထောက်အထားတွေ၊ မှတ်တမ်းတွေ၊ အချက်အလက်တွေ ကျနော်တို့ကိုပေးပါ။ ပေးရင် ကျနော်တို့က စုံစမ်းစစ်ဆေးမယ်။ မှန်တယ် ဆိုရင် တည်ဆဲဥပဒေနဲ့ အရေးယူမယ်။ ဒါက အခုချိန်ထိ မပြောင်းလဲဘူး။ သို့သော်အဲဒီအပေါ်မှာ ကျနော်တို့ နိုင်ငံတကာက အစိုးရရဲ့အရေးယူ ဆောင်ရွက်ချက်အပေါ် ဝေဖန်မှုတွေရှိတယ်။ ရှိတဲ့ အတွက် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်တွေ ဖွဲ့ထားပြီးသားပါ။ ဒီကော်မရှင်က သူတို့အလုပ်တွေ ဆက်ပြီးတော့လုပ်နေပါပြီ။ လုပ်နေတဲ့ အပိုင်းမှာလည်း အကယ်၍ ရှိတယ် ဆိုရင် အဲဒီမှာ ပေါ်ပေါက်လာပါလိမ့်မယ်။”
ဒါ့အပြင် ကုလအချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့အစီရင်ခံစာထုတ်ပြန်တာနဲ့ တပ်မတော်ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေကို ဖေ့စ်ဘွတ်က ပိတ်ပင်လိုက်တာဟာ ချိတ်ဆက်နေတယ်ဆိုတာ အထင်အရှားမြင်နေရတယ်၊ ဒီလုပ်ဆောင်ချက်ဟာ လက်ရှိအစိုးရသွားနေတဲ့ အမျိုးသားပြန်လ ည်သင့်မြတ်ရေးကိုလည် ထိခိုက်မှုတွေရှိလာနိုင်တယ်ဆိုတာ စိုးရိမ်တယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။
“ဥပမာအားဖြင့် Social Media Monitoring Team (SMMT) လုပ်တဲ့အပေါ်မှာ အထင်လွဲမှုတွေ ဖြစ်လာနိုင်တယ်။ နံပါတ်တစ်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Page အပါအဝင် ကျန်တဲ့ Page တွေ ဖြုတ်ချခံရခြင်းကိစ္စနဲ့ ပတ်သက်လို့ ထုတ်ပြန်ထားတဲ့အတိုင်း ဖြစ်ပါတယ်။ နံပါတ်နှစ်က အစိုးရရဲ့ Input လုံးဝတစ်စုံတစ်ရာ မပါဝင်ပါဘူး။ နံပါတ်သုံးက အစိုးရက ဖွဲ့စည်းထားတဲ့ SMMT လည်း မပါဘူး။ ဒါကိုတော့ အတိအလင်း ပြောချင်ပါ တယ်။ အခုဖြစ်သွားတဲ့နောက်ပိုင်းမှာ ဖေ့စ်ဘွတ်ခ် ကိုတော့ ပြန်မေးထားတယ်။”
ကုလ အချက် အလက်ရှာဖွေရေးအဖွဲ့က ကာကွယ်ရေးဦးစီးချုပ်အပါအဝင် တပ်မတော်ခေါင်းဆောင် ၆ ဦးကို လူမျိုးသုဉ်း သတ်ဖြတ်မှု၊ လူသားအပေါ်ကျူးလွန်တဲ့ ရာဇ၀တ်မှုနဲ့ စစ်ရာဇ၀တ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲပြီး ဒီနိုင်ငံတကာဥပဒေတွေအရ စုံစမ်း စစ်ဆေးဖို့ သြဂုတ် ၂၇ ရက်မှာ အစီရင်ခံစာ ထုတ်ပြန် အကြံပြုတိုက်တွန်း ထားတာပါ။
ရခိုင်၊ ရှမ်းနဲ့ ကချင်ပြည်နယ်မှာ စစ်တပ်က ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို အဓိက အမိန့်ပေးသူတွေအဖြစ် စွပ်စွဲခံရသူ ၆ ဦးစာရင်းမှာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ရဲ့ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီးအောင်ကျော်ဇော၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ်မောင်မောင်စိုး၊ ရခိုင်ပြည်နယ်ထဲ နယ်မြေရှင်းလင်းစစ်ဆင်ရေးတွေမှာ ပါဝင်တဲ့ ဗိုလ်မှူးချုပ် သန်းဦးနဲ့ ဗိုလ်မှူးချုပ် အောင်အောင် တို့ပါဝင်ကြပါတယ်။
ကုလအချက်အလက်ရှာဖွေရေးအဖွဲ့ အစီရင်ခံစာတင်ရမယ့်ရက်ဟာ စက်တင်ဘာ ၁၈ ရက်နေ့မှဖြစ်ပါတယ်။ ဒါပေမယ့် ရခိုင်ပြည်နယ်မှာ ARSA အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားတဲ့ တနှစ်ပြည့်ချိန် လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး ဆွေးနွေးပွဲ ဒီကနေ့ ကျင်းပခါနီးအချိန်နဲ့ ကိုက်ပြီး အစီရင်ခံစာကို ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ - MOI
5 years Ago