ကုလသမဂ္ဂ ဆော်သြ

April 8, 2018

ကွန်ဂိုနိုင်ငံတွင်း ပိုမိုကူညီရေး အာရုံစိုက်ကြရန် ကုလသမဂ္ဂ ဆော်သြ

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အကြီးအကဲ ဖိလစ်ပိုဂရန်ဒီက ကွန်ဂိုနိုင်ငံအတွင်း ပိုပြီးကူညီရေး ကမ္ဘာက အာရုံစိုက်ကြဖို့ ဆော်သြလိုက်ပါတယ်။ ကွန်ဂိုနိုင်ငံ ကီဗူမြို့တောင်ပိုင်းက ဘူရွန်ဒီ ဒုက္ခသည် စခန်းကို သွားရောက် လည်ပတ်အပြီး ဧပြီ ၇ ရက်နေ့က ခုလို ဆော်သြလိုက်တာပါ။ လာမယ့်သီတင်းပတ်မှာ ဆွစ်ဇာလန်မြို့တော် ဂျီနီဗာမြို့က အလှူရှင်များ ညီလာခံကို ကွန်ဂို အစိုးရက ကိုယ်စားလှယ် စေလွှတ်ဖို့ မျှော်လင့်တယ်လို့ သူက ဆက်ပြော ပါတယ်။ သမ္မတ ဂျိုးဇက်ကာဘီလာက ၂၀၁၆ မှာ သမ္မတသက်တမ်း ကုန်ဆုံးပေမယ့် ရာထူးက ဆင်းပေးဖို့ ငြင်းဆန်နေလို့ ကွန်ဂိုနိုင်ငံကို ထိန်းချုပ်ရေးအတွက် အကြပ်အတည်း အများအပြားက ဟန့်တား နေတာပါ။ ဆိုးရွားတဲ့ စားနပ်ရိက္ခာ မလုံခြုံမှုကို ရင်ဆိုင်နေရလို့ ပြည်သူ ၁၃ သန်းကျော်ဟာ လူသားချင်း စာနာမှု အကူအညီတွေကို လိုအပ်နေတယ်လို့ ဒီလ အစောပိုင်းထုတ် ကုလသမဂ္ဂ အစီရင်ခံစာက ဆိုပါတယ်။ ဒါဟာ မနှစ်ကထက် ၂ ဆဖြစ်ပြီး တန်ပြန်မနှစ်က ထက် ၃၀ ရာခိုင်နှုန်း ပိုများတဲ့ လိုအပ်မှုပါ။ ကွန်ဂိုနိုင်ငံဟာ အိမ်နီးချင်း ဘူရွန်ဒီနိုင်ငံနဲ့ ရဝမ်ဒါ နိုင်ငံတွေက ဒုက္ခသည်တွေကိုလည်း လက်ခံထားရပါတယ်။ နဂိုတည်းက အကြပ်အတည်းဆိုက်နေတဲ့ ဆင်းရဲမွဲတေတဲ့ ဒေသအတွင်း ဘူရွန်ဒီ ဒုက္ခသည် အယောက် ၃ သောင်းခွဲလောက်ဟာ ရှိစုမဲ့စု အရင်းအမြစ်တွေကို ဝေမျှသုံးစွဲ နေရတယ်လို့ ဂရန်ဒီက ပြောပါတယ်။ ကွန်ဂိုနိုင်ငံတွင်း အကြပ်အတည်း အခြေအနေကိုလည်း အရေးပေါ်ဖြစ်မှု အမြင့်ဆုံး အခြေအနေ ဖြစ်တဲ့ အဆင့် ၃ အဖြစ် ကုလသမဂ္ဂက သတ်မှတ်ထားပါတယ်။ ကွန်ဂိုနိုင်ငံအတွင်း လူသားချင်း စာနာမှု အကူအညီတွေ ပံ့ပိုးဖို့ မနှစ်ကထက် လေးဆ နီးပါး ဖြစ်တဲ့ အမေရိကန် ဒေါ်လာ ၁ ဒသမ ၇ ဘီလျံ ရရှိရေး ကြိုးစားနေကြပါတယ်။
3 years Ago
Up