ကုလသမဂ္ဂ သွားရောက်

February 10, 2018

ပြန်လည်လက်ခံရေး စခန်းများကို နိုင်ငံတကာသံတမန်များနှင့်ကုလသမဂ္ဂ သွားရောက်

ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသူတွေကို ပြန်လည်လက်ခံရေးနဲ့ နေရာချထားရေး အစီအစဉ်တွေကို နိုင်ငံတကာ သံတမန်တွေနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ သွားရောက် လေ့လာခဲ့ပါတယ်။ ဘရူနိုင်းနိုင်ငံ သံအမတ်ကြီး ဦးဆောင်တဲ့ ရန်ကုန်မြို့အခြေစိုက် နိုင်ငံတကာသံရုံးတွေက သံတမန်တွေ၊ ကုလသမဂ္ဂလက်ခံအောက်ခံ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်တို့ ဖေဖော်ဝါရီ ၉ ရက်နေ့က စစ်တွေ၊ တောင်ပြိုလက်ဝဲနဲ့ မောင်တောမြို့တွေကို သွားရောက်ခဲ့တာပါ။ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က နေရပ်စွန့်ခွာသွားသူတွေကို ပြန်လည်စိစစ်လက်ခံရေးနဲ့ ပြန်လည်နေရာချထားရေးအတွက် နှစ်နိုင်ငံသဘောတူညီချက်တွေနဲ့ အညီ ညှိနှိုင်းဆောင်ရွက် နေတာတွေ၊ ပြည်နယ်အစိုးရနဲ့ နိုင်ငံတော်အစိုးရတို့က ကြိုတင်စီမံဆောင်ရွက်ပေးထားတာတွေကို စစ်တွေလေဆိပ် ဧည့်ခန်းမမှာ ရှင်းပြတယ်လို့ ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။ ပြီးတော့ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကလည်း သံတမန်တွေ၊ ကိုယ်စားလှယ်တွေအနေနဲ့ ဒီခရီးစဉ်မှာ ရခိုင်ပြည်နယ်ရဲ့ ပကတိအခြေအနေမှန်တွေကို သိရှိပြီး နိုင်ငံသူနိုင်ငံသားတွေနဲ့ နိုင်ငံတကာ အသိုက်အဝန်းကို မှန်ကန်တိကျတဲ့ သတင်းအချက်အလက်တွေ မျှဝေပေးနိုင်ရေး ကူညီပေးကြဖို့  ပြောပါတယ်။ အဲဒီနောက် ကိုယ်စားလှယ်အဖွဲ့ဟာ ကုန်းလမ်းက ဝင်ရောက်လာသူတွေကို လက်ခံဖို့ ဖွင့်လှစ်ထားတဲ့ တောင်ပြိုလက်ဝဲ ယာယီလက်ခံရေးစခန်းကို သွားရောက်လေ့လာပြီး  အဆောက်အဦတွေ ဆောက်လုပ်ပြီးစီးတဲ့ အခြေအနေနဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားတို့ကို ကြည့်ရှုကြပါတယ်။ အဲဒီကတဆင့် ရေလမ်းကနေဝင်ရောက်လာမယ့် သူတွေကိုလက်ခံမယ့် ငါးခူရ ယာယီလက်ခံရေး စခန်းကိုလည်း သွားရောက်ကြပြီး ပြန်လည်ဝင်ရောက်လာသူတွေကို လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနက စိစစ်ရန်ဆောင်ရွက်မယ့် လုပ်ငန်းစဉ်အဆင့်ဆင့်နဲ့ NV ကတ်ထုတ်ပေးရေး ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေကို လေ့လာကြပါတယ်။ ညနေပိုင်းမှာတော့ မောင်တော်မြို့နယ်၊ ပန်းတောပြင်ရွာကိုလည်း သွားရောက်ပြီး လူနေအိမ်တွေ ပြန်ဆောက်ပေးနေတာကို လေ့လာသလို ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ သွားရောက်လေ့လာကြရာမှာ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံတမန်များ အဖွဲ့နာယက ဘရူနိုင်းနိုင်ငံ သံအမတ်ကြီး ဦးဆောင်ပြီး  ကနေဒါနိုင်ငံ အွန်တေရီးယိုး ပြည်နယ် ဝန်ကြီးချုပ်ဟောင်း၊ ကနေဒါ၊ ဘရူနိုင်း၊ ချက်၊ အီးယူ၊ တူရကီ၊ အင်ဒိုနီးရှား၊ သြစတြေးလျ၊ ပြင်သစ်၊ ဂျပန်၊ နီပေါ၊ ဖိလစ်ပိုင်၊ တီမောလက်စတေ၊ ရုရှား၊ အမေရိကန်၊ ဗြိတိန်၊ မလေးရှား၊ ဆော်ဒီအာရေဗျ၊ ကူဝိတ်နဲ့ ကိုရီးယားသမ္မတနိုင်ငံတို့က သံအမတ်ကြီးတွေ၊ သံရုံးယာယီတာဝန်ခံ သံမှူးကြီးနဲ့ သံမှူးတွေ၊ အတွင်းဝန်တွေ၊ UNHCR၊ World Bank၊ FAO နဲ့ WFP တို့က  ကိုယ်စားလှယ်တွေ လိုက်ပါခဲ့ပါတယ်။
4 years Ago
Up