ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး

June 19, 2015

နေရပ်စွန့်ခွာ ဒုက္ခသည် သန်း ၆၀ ခန့်ရှိဟု ကုလပြော

၂၀၁၄ ခုနှစ်အတွင်း အကြောင်းမျိုးမျိုးကြောင့် နေရပ်ရင်းစွန့်ခွာရသူ ဒုက္ခသည် သန်း ၆၀ လောက်ရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ်ကထက် ပိုများလာတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (ယူအန်အိပ်ခ်ျစီအာ) က ဇွန် ၁၈ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ အရင်နှစ် ၂၀၁၃ ခုနှစ်ကထက် ဒုက္ခသည် ၈ ဒသမ ၃ သန်းပိုခဲ့ပြီး ဆီးရီးယားစစ်ပွဲက ဒုက္ခသည်ဦးရေ များပြားလာရတာရဲ့ အခြေခံအကြောင်းရင်းဖြစ်တယ်လို့ ယူအန်အိပ်ခ်ျစီအာမင်းကြီး အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) က တူရကီနိုင်ငံ၊ အစ္စတန်ဘူးလ်မြို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။ လတ်တလော ကမ္ဘာကြီးမှာ ပြဿနာပေါင်း သောင်းခြောက်ထောင် ဖြစ်နေတယ်လို့လည်း ပြောဆိုပါတယ်။ “ဒီပြဿနာတွေအားလုံးကို လူသားချင်း အကူအညီတွေရှိတာနဲ့ ရှင်းလို့ရတယ်လို့ လူတွေက ထင်နေကြတယ်။ တကယ်တော့ ပြဿနာအားလုံးကို ကျနော်တို့လည်း မနိုင်တော့ပါဘူး။ ပြီးခဲ့တဲ့နှစ်အတွင်း လူတွေ ပိုပြီးတော့ ဒုက္ခရောက်လာကြတယ်။ ပိုဆိုးတာက အဲ့ဒီဒုက္ခသည်တွေထဲက အများအပြားကို ကျနော်တို့ ဘယ်လိုမှ အကူအညီမပေးနိုင်တော့တာပါ။” ၂၀၁၃ ခုနှစ်က တရက်ကို ဒုက္ခသည် ၃၂၀၀၀ ပဲ နေရပ်စွန့် ထွက်ပြေးခဲ့ရတာကနေ ၂၀၁၄ မှာ ဒုက္ခသည် ၄၂၅၀၀ ကျော် ထွက်ပြေးနေရတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း လူမျိုးရေးပဋိပက္ခတွေနဲ့ စစ်ပွဲတွေ အနည်းဆုံး ၁၅ ခုဖြစ်ပွားခဲ့ပြီး အာဖရိကမှာ ၈ ခုနဲ့ အရှေ့အလယ်ပိုင်းမှာ ၃ ခု ပါဝင်ခဲ့ပါတယ်။ အဲ့ဒီပဋိပက္ခတွေထဲက အနည်းအကျဉ်းကိုပဲ နောက်ဆုံး ပြီးပြတ်အောင် ဖြေရှင်းနိုင်ခဲ့တာပါ။ လက်ရှိ ဆီးရီးယားဒုက္ခသည်အရေးမှာလည်း အိမ်နီးချင်း တူရကီနိုင်ငံ၊ ဂျော်ဒန်နဲ့ လက်ဘနွန်နိုင်ငံတွေကိုပဲ တာဝန်ယူ ဖြေရှင်းသင့်တယ်ဆိုပြီး ပုံချတာထက် အီးယူနဲ့ ကမ္ဘာ့နိုင်ငံတွေလည်း ၀ိုင်းဝန်း တာဝန်ခွဲယူသင့်တယ်လို့ ဒုက္ခသည်ဆိုင်ရာမင်းကြီး ဂူတာရက်စ်က ပြောပါတယ်။ ၂၀၁၄ ခုနှစ်မှာ ဒုက္ခသည် ၁၂၇၀၀၀ လောက်ပဲ သူတို့ရဲ့ နေရပ်ရင်းဒေသကို ပြန်လည်နေထိုင်ခွင့် ရခဲ့ကြတာမို့ ၃၁ နှစ်အတွင်း ဒီအရေအတွက်ဟာ အနည်းဆုံးဖြစ်တယ် ဆိုတာကိုလည်း UNHCR စာရင်းအရ သိရပါတယ်။
6 years Ago
Up